နေပြည်တော် ဖေဖော်ဝါရီ ၁၆

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး အရာထမ်း၊ အမှုထမ်းများသည် အိန္ဒိယနိုင်ငံ၊ ဗဟိုစုံစမ်းစစ်ဆေးရေးအကယ်ဒမီ (Central Bureau of Investigation Academy – CBIA) က ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှ ၁၅ ရက်အထိ ဖွင့်လှစ်ပို့ချခဲ့သည့် Investigation of Corruption Related Cases and Asset Recovery သင်တန်းသို့ Online ဖြင့် တက်ရောက်ကြရာ အဆိုပါသင်တန်းရရှိသည့် အတွေ့အကြုံရှင်းလင်းပွဲကို ယနေ့တွင် နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

အတွေ့အကြုံရှင်းလင်းပွဲသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေး၊ အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အဆင့်မြင့်အရာရှိကြီးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ကော်မရှင်ဥက္ကဋ္ဌက အိန္ဒိယနိုင်ငံသည် ယင်းတို့ပြဋ္ဌာန်းထားသည့် ဥပဒေများ နှင့်စပ်လျဉ်း၍ စဉ်ဆက်မပြတ်ပြန်လည်သုံးသပ်လျက်ရှိသည့် ကောင်းမွန်သည့် အလေ့ အထရှိသော နိုင်ငံဖြစ်သည့်အတွက် သင်တန်းမှရရှိသောအတွေ့အကြုံများကို လက်တွေ့ လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချရန်လိုအပ်ကြောင်း၊ ယခုကဲ့သို့ Knowledge Sharing ဆောင်ရွက်ခြင်းဖြင့် ကျန်ရှိသည့်ဝန်ထမ်းများအနေဖြင့် ဗဟုသုတများရရှိကာ တာဝန်ထမ်းဆောင်ရာတွင် လက်တွေ့ကိုးကား အသုံးပြုနိုင်မည်ဖြစ်သည့်အတွက် သေချာစွာလေ့လာမှတ်သားကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် Investigation of Corruption Related Cases and Asset Recovery သင်တန်းမှ သင်ကြားပို့ချခဲ့မှုများနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးမင်းထက်နှင့် ဦးစီးအရာရှိ ဒေါ်ထက်ထက်အောင်တို့က ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသည့် ဝန်ထမ်းများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြသည်။

ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းတို့က တင်ပြမှု အပေါ် လိုအပ်သည်များ ဖြည့်စွက်အကြံပြုဆွေးနွေးကာ ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

သတင်းစဉ်