နေပြည်တော် စက်တင်ဘာ ၁၂

အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကာလတို၊ ကာလရှည် စီမံကိန်းများချမှတ်၍ နှစ်စဉ်လုပ်ငန်းအစီအစဉ်များရေးဆွဲကာ လအလိုက်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်ရာ၌ လိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ်များ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် နည်းပညာများဖြည့်ဆည်းပေးနိုင်ရန် လိုအပ်ကြောင်း ယနေ့မွန်းလွဲ ၁ နာရီက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပသည့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေ ရှင်းလင်းတင်ပြသည့် အခမ်းအနားတွင်ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ပြောကြားသည်။

ဆက်လက်၍ ကော်မရှင်ဉက္ကဋ္ဌက ကော်မရှင်သည် နိုင်ငံတော်ဘဏ္ဍာငွေနှင့် ပစ္စည်းများ နစ်နာဆုံးရှုံးမှုမရှိစေရေး အကာအကွယ်ပေးရန် အဓိကတာဝန်ရှိပါကြောင်း၊ ကော်မရှင်အနေဖြင့် စီးပွားရေးကဏ္ဍများတွင် နိုင်ငံ့ဘဏ္ဍာငွေများ ဆုံးရှုံးမှု ရှိ/ မရှိ စိစစ်၍တည့်မတ်ပေးရန် တာဝန်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းနှင့် စံတန်းဖိုးများကို သိရှိလိုက်နာရန်လိုကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးမှုမရှိစေရန် အကာအကွယ်ပေးရာ တွင်လည်း ကော်မရှင်တစ်ခုတည်းဆောင်ရွက်၍ မရကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့ အစည်းအားလုံး ပူးပေါင်းပါဝင်ကြရမည်ဖြစ်သည့်အတွက် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(Corruption Prevention Unit- CPU) များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ အသိပညာပေးရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများ၏ ပူးပေါင်းပါဝင်မှုအားကောင်းရန် အရေးကြီးကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဆင်ခြေပေးရန်ထက် အောင်မြင်စွာ အကောင်အထည်ဖော် နိုင်ရန် အလျော့ပေးသည်ထက် လုပ်ငန်းကို နိုင်နင်းအောင် ဆောင်ရွက်နိုင်ရန် စဉ်စားသင့်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် စီမံရေးရာဦးစီးဌာန၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှ သက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနများအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ပြီး လုပ်ငန်းများနှင့်စပ်လျဉ်း၍ အားသာချက်၊ အားနည်းချက်များ၊ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ကော်မရှင်အနေ ဖြင့် ဖြည့်ဆည်းပေါင်းစပ် ညှိနှိုင်းပေးရန် ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ရာ ကော်မရှင်ဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးသည်။

အခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်