မြိတ် ၂၃ ဒီဇင်ဘာ
အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် သက်ဆိုင်သော စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ပုလဲရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။

စကားဝိုင်းဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းက အဖွင့်အမှာစကား ပြောကြားပြီး လူအခွင့်အရေး ကာကွယ် စောင့်ရှောက်သူများအဖွဲ့မှ ဦးတင်လွင်(Sc)က အရပ်ဖက်ပူးပေါင်းပါဝင်မှု ရှေ့ဆောင် ကွန်ရက်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားသည်။

ဆွေးနွေးပွဲတွင် ဦးညီညီအောင် (Moderator)၊ ဦးအောင်နိုင်ဦး (တနင်္သာရီတိုင်းဒေသကြီး တရားမျှတမှု ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ခေါင်ဆောင်)၊ ဦးစဧရာဝင်း(မြိတ်ရှေ့နေကွန်ယက်)နှင့် ဒေါ်ဌေးဌေးဝင်း (စီးပွားရေးလုပ်ငန်းရှင်)တို့က အဂတိလိုက်စားမှု အဓိပ္ပာယ်/အမြင်၊ လက်ရှိမြန်မာနိုင်ငံအတွင်း လတ်တစ်လော ဖြစ်ပေါ်နေသော အခြေအနေ၊ အရေးယူမှုပုံစံများနှင့် တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ အဂတိ လိုက်စားမှုနှင့် ဆက်စပ်နေသော အခြေအနေများ၊ အဂတိတိုက်ဖျက်ရေးလှုပ်ရှားမှုတွင် အရပ်ဖက်အဖွဲ့အစည်းများ မည်သည့်ကဏ္ဍမှ ပါဝင်ဆောင်ရွက်မည်နည်း စသည့်ခေါင်းစဉ်များဖြင့် စကားဝိုင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း၊ တနင်္သာရီတိုင်းဒေသကြီး တရားမျှတမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် ဦးအောင်နိုင်ဦး၊ အရပ်ဖက်ပူးပေါင်းပါဝင်မှု ရှေ့ဆောင်ကွန်ရက်အဖွဲ့ဝင် ဦးတင်လွင်၊ မြန်မာနိုင်ငံရှေ့နေများကွန်ရက် (မြိတ်) တာဝန်ခံ ဦးစဧရာဝင်း၊ ပရဟိတ မောင်နှမများ ကွန်ရက် (မြိတ်) တာဝန်ခံ ဦးမင်းလွင်းဦးနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းဝင်များ၊ ဒေသခံ ပြည်သူများ၊ စုစုပေါင်း (၇၀)ဦးခန့် တက်ရောက်ခဲ့သည်။

(မြင့်ဦးမြိတ်)