နေပြည်တော် ၁၃ မတ်

မြန်မာ့လူ့ဘောင် အဖွဲ့အစည်းအတွင်း ရောဂါဆိုးသဖွယ် အမြစ်တွယ်နေသော အဂတိလိုက်စားမှုကို ရွံရှာစက်ဆုပ်ဖွယ်ရာ ကိုယ်ကျင့်သိက္ခာ ပျက်ယွင်းမှုကြီးတစ်ရပ်အဖြစ် အားလုံးက ရှုမြင်လာကြရန်၊ အဂတိလိုက်စားမှု ဆိုးကျိုးများကို သိမြင်လာကြစေရန်အတွက် ပညာပေးမှု၊ စည်းရုံးဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည့်အပြင် ကျူးလွန်သူများကိုလည်း မျက်နှာကြီး၊ ငယ်မရွေး အရေးယူလျက်ရှိသည်ကို မြင်တွေ့ရမည်ဖြစ်သည်

မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ် နှစ်သစ်ကူးနေ့က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နိုင်ငံတစ်ဝန်းလုံးသို့ ပြောကြားသည့် နှုတ်ခွန်းဆက်စကားတွင် အဂတိလိုက်စားမှုနှင့် ပတ်သက်၍ ဌာနဆိုင်ရာ တော်တော်များများတွင် ဓလေ့သဖွယ် စွဲကပ်နေသည့် အဂတိလိုက်စားမှုများကို ပိုမိုတိုက်ဖျက်ရာတွင် ဝန်ထမ်းများ၏ ရပိုင်ခွင့် အခွင့်အရေးနှင့် တာဝန်ကို ဘက်ညီမျှတစေရန် ပြန်လည်သုံးသပ်ပြီး ဌာနဆိုင်ရာတစ်ခုချင်းက အသီးသီး တာဝန်ခံ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အပြင် မီဒီယာနှင့် ပြည်သူလူထုကလည်း မှန်ကန်စွာ ရှာဖွေဖော်ထုတ်ရေးကိုဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း၊ လုပ်ပိုင်ခွင့်အာဏာ အရှိန်အဝါရှိသူများ၏ ပါဝင်ပတ်သက်မှု၊ ဝင်ရောက်စွက်ဖက်မှုများအား တိကျခိုင်လုံသည့်အချက်အလက်၊ အထောက်အထားများဖြင့် တိုင်ကြားကြရန်လည်း အထူးလိုအပ်ကြောင်း” ထည့်သွင်းပြောကြားသည်။

ပြည်သူ့အစိုးရလက်ထက်တွင် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းစေရန် ရည်မှန်းချက်ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ပြင်ဆင်ဖြည့်စွက်ပြီး အတည်ပြုပြဋ္ဌာန်းထားသည်။ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းပြီး တာဝန်နှင့်လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်ထားသကဲ့သို့ လွတ်လပ်စွာ စုံစမ်းစစ်ဆေးခြင်း၊ အရေးယူခြင်း၊ တရားစွဲဆိုခြင်း စသည်တို့ကိုလည်း ခွင့်ပြုပေးထားသည်

ယခုအခါ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ တားဆီးရေး၊ အရေးယူဆောင်ရွက်ရေး လုပ်ငန်းများကို ထိထိရောက်ရောက် တိုးတက်ဆောင်ရွက်လာနိုင်ပြီဟု ဆိုရမည်ဖြစ်သည်။ အထူးသဖြင့် ဌာနဆိုင်ရာများနှင့် အစိုးရအဖွဲ့အစည်းများအတွင်း အဂတိလိုက်စားမှု ကျူးလွန်သူများကို ရာထူးကြီး၊ ငယ်မရွေး၊ မျက်နှာကြီး၊ ငယ်မရွေး ရှာဖွေဖော်ထုတ် အရေးယူဆောင်ရွက်လာနိုင်သည်မှာ ပြည်သူများ၏ တာဝန်သိမှု၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်နှင့် တာဝန်ရှိသူများက ဥပဒေနှင့်အညီ တိတိကျကျဆောင်ရွက်နိုင်မှုကြောင့်ဟု ဆိုရမည်ဖြစ်သည်

ထိုသို့ဆောင်ရွက်နိုင်ခြင်းသည် ပြည်သူများ၏ အသိပညာနှင့်ကိုယ်ကျင့်သိက္ခာ မြှင့်တင်နိုင်ရေး၊ နိုင်ငံတော်ကြီး မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်လာစေရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်း မြင်သာမှုများ ပိုမိုဖြစ်ထွန်းလာရေး၊ နိုင်ငံတော်ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ ပြည်သူလူထု၏ အကျိုးစီးပွားများ ဆုံးရှုံးနစ်နာမှု မရှိစေရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ပြည်သူလူထု လူနေမှုအဆင့်အတန်း မြင့်မားရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လွယ်ကူလျင်မြန်စေရေးတို့အတွက် များစွာအထောက်အကူ ပြုလာမည်ဖြစ်သည့်အပြင် ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာရှိသော နိုင်ငံတစ်နိုင်ငံအဖြစ် ဝင့်ထည်စွာ ရပ်တည်လာနိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းများကို ပိုမိုမြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် အစိုးရဝန်ကြီးဌာန အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ အပါအဝင် ပြည်သူလူထုတစ်ရပ်လုံးက စုပေါင်းအင်အားဖြင့် အင်တိုက်အားတိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။

ကြေးမုံ