နေပြည်တော်၊ စက်တင်ဘာ ၁၉
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် စုဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ်တရားသူကြီးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အရာထမ်း၊ အမှုထမ်းများ၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက အဖွင့်အမှာစကားပြောကြားရာ၌ အစိုးရဌာနဆိုင်ရာများတွင် လုပ်ကိုင်နေသော တာဝန်ရှိသူများအနေဖြင့် အဂတိလိုက်စားမှု၏ သဘောသဘာဝကို သိရှိရန်လိုအပ်ကြောင်း၊ အဂတိလိုက်စားမှုသည် ကမ္ဘာ့နိုင်ငံများအားလုံး ကြုံတွေ့ရင်ဆိုင်ဖြေရှင်းနေရသည့် ကိစ္စဖြစ်သကဲ့သို့ မြန်မာနိုင်ငံအနေဖြင့်လည်း ဖြေရှင်းဆောင်ရွက်နေရကြောင်း၊ မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗန်းရှင်းတွင် ၂၀၀၅ ခုနှစ်ကတည်းက အဖွဲ့ဝင်အဖြစ်ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ၁၆၅ နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှုတွင် လာဘ်ပေးလာဘ်ယူခြင်း (Bribery)၊ ခြိမ်းခြောက်ငွေညှစ်ခြင်း (Extortion)၊ လိမ်လည်ခြင်း (Fraud)၊ အလွဲသုံးစားပြုခြင်း (Misappropriation)၊ ဆွေမျိုးကောင်းစားရေးပြုခြင်း (Nepotism)၊ နီးစပ်ရာကောင်းစားရေးပြုခြင်း (Cronyism)၊ အများပြည်သူပိုင်ပစ္စည်းကို ကိုယ်ပိုင်အဖြစ် သုံးစွဲခြင်း (Appropritaion of Public Assets and Property for Private Gain)၊ မလျော်ဩဇာသုံး၍ မဲဆွယ်လွှမ်းမိုးခြင်း (Influence Peddling) စသည်ဖြင့်ရှိကြောင်း၊ အဂတိလိုက်စားမှုသည် နိုင်ငံတော်၏ပုံရိပ်နှင့်စွမ်းဆောင်မှုကို ထိခိုက်စေပြီး နိုင်ငံတော်၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးရည်မှန်းချက်များကို ထိခိုက်စေနိုင်သည့်အပြင် ကောင်း မွန်သည့် အုပ်ချုပ်ရေးစနစ်ကိုလျော့ပါးစေပြီး တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံသားတို့၏ အခွင့်အရေးများကို ထိခိုက်စေနိုင်သည်ဖြစ်၍ အဂတိလိုက်စားမှုကင်းစင်စေရန်အတွက် ပြည်သူများကပါ ပါဝင်လုပ်ဆောင်ပေးရန်လိုအပ်ကြောင်း၊ နိုင်ငံတော်ငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် တာဝန်ရှိသူအားလုံးက အဂတိလိုက်စားမှုအကျင့်ဆိုးကို လုံးဝလက်မခံပဲ အဂတိကင်းစင်သည့် လူ့ဘောင်ဖြစ်ရန် အတူတကွ ပူးပေါင်းတိုက်ဖျက်ကြရန် လိုကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်ဝင်း၊ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုးတို့က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်များ၊ စုံစမ်းစစ်ဆေးရေးဆိုင်ရာကိစ္စရပ်များ အဂတိလိုက်စားမှု၏ သဘောသဘာဝများကို ပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


