အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးရေး အတွက် အလွန်အရေးကြီးသော လုပ်ငန်းတစ်ခုဖြစ်သည်။ အဂတိလိုက်စားမှုကင်းစင်ပါမှ ထိုနိုင်ငံရှိ နယ်ပယ်အသီးသီးတွင် လွတ်လပ်မှု၊ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှုရှိကာ လုပ်ငန်းများအောင်မြင်မည်ဖြစ်သည်။ ထို့အပြင် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်ရေး ဖြစ်ထွန်းပေါ်ပေါက်လာပြီး နိုင်ငံအတွင်း၊ နိုင်ငံပြင်ပ ဂုဏ်တင့်တယ်ဝင့်ထည်မည်ဖြစ်သည်။
လူသားဟူသည် အတ္တမကင်းသူများဖြစ်၍ ကိုယ်ကျိုးစီးပွားကိုရှေ့တန်းတင်မိရာ မှ အဂတိလိုက်စားမှု ပေါ်ပေါက်လာသည်။ အဂတိဟူသည်အဝိဇ္ဇာအမှောင်ဖုံးနေသော စည်းစိမ်တစ်မျိုးပင် ဖြစ်သည်။ တံလျှပ်ကိုရေ ထင်နေသည့် အမှားတစ်မျိုးပင် ဖြစ်သည်။ အဂတိသည် သေရည်နှင့်အလားတူပြီး သောက်လေသောက်လေ ငတ်မပြေကဲ့သို့ ဖြစ်တတ်သည်။ ထို့ကြောင့် အဂတိကို မစမိအောင် ဝေးစွာရှောင်ကြဉ်ရသည်။
အဂတိကိုစမိပြီး အမြစ်တွယ်နေသော နိုင်ငံအဖို့တွင် အမြစ်ပြတ်အောင် တိုက်ဖျက်ရသည်မှာ လွယ်ကူလှသည်မဟုတ်ချေ။ အဂတိသည်ပေးသူရှိ၍ ယူသူရှိပြီး ယူသူရှိ၍ ပေးသူရှိသည့်သံသရာတွင် လည်နေ သည်။ အဂတိကင်းလျှင် စာအုပ်ကြီးအတိုင်းဖြစ်မည်ဟူသော ခံယူချက်သည်လည်း အဂတိလိုက်စားခြင်းပင်ဖြစ်သည်ကို သတိချပ်သင့်သည်။ အားလုံးအပေါ်တွင် တရားမျှတမှုရှိစွာဖြင့် စိတ်ရင်းစေတနာမှန်ထားကာ ကောင်းမွန်စွာဆောင်ကြဉ်းပေးခြင်းသည်သာ အဂတိကင်းစင်သည်ဟုဆိုနိုင်သည်။
မျက်မှောက်ကာလ မြန်မာနိုင်ငံတွင် ပြည်သူလူထုတစ်ရပ်လုံးက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး နိုးကြားမှုရေချိန် မြင့်မားလာခြင်းနှင့်အတူပြည်သူလူထုက တစ်ခဲနက်ရွေးချယ်တင်မြှောက်ခဲ့သည့် ပြည်သူ့အစိုးရ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် နိုင်ငံရေးစိတ်ဆန ́ ပြင်းပြမှုကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခဲ့ရာ အောင်မြင်မှုအတိုင်းအတာတစ်ခုအထိရရှိခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။
အဂတိလိုက်စားခြင်းသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေး စေရုံသာမက လူတန်းစားမညီမျှမှုများနှင့် တရားဥပဒေစိုးမိုးမှု ကင်းမဲ့ခြင်း များဖြစ်စေနိုင်သည်။ အဂတိလိုက်စားမှုကြောင့် နိုင်ငံပိုင်ပစ္စည်းများ၊ လူ့အဖွဲ့အစည်းများနှင့် နိုင်ငံသားများ၏ အခွင့်အရေးများနှင့် အကျိုးစီးပွားများ ထိခိုက်နစ်နာမှုမရှိစေရန်အတွက် အကာအကွယ်ပေးရမည်ဖြစ်သည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ကော်မရှင်တစ်ခုတည်းဖြင့် အောင်မြင်အောင်လုပ်ဆောင်၍ ပြီးမြောက်နိုင်မည်မဟုတ်ဘဲ အစိုးရနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်သူများပါ ပူးပေါင်းပါဝင်လက်တွဲဆောင်ရွက်မှအောင်မြင်နိုင်မည်ဖြစ်သည်။
အဂတိလိုက်စားမှုကို သတင်းပေးတိုင်ကြားမှုအရ ဖော်ထုတ်အရေး ယူဆောင်ရွက်ခြင်းမျှဖြင့်လည်း လုံးဝအောင်မြင်နိုင်မည် မဟုတ်သေးချေ။ အဂတိလိုက်စားမှု အမြစ်တွယ်ခဲ့သည့်အခြေခံဖြစ်သည့် ဌာနဆိုင်ရာများ နှင့် စီးပွားရေးလုပ်ငန်းများအတွင်း အသိပညာပေးခြင်းနှင့် စောင့်ကြည့်ထိန်းချုပ်ခြင်းတို့ကိုပါ စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုကို ရယူနိုင်ရန်ဖြစ်သည်။ အဂတိလိုက်စားမှုသည် ဌာနဆိုင်ရာများအတွင်း လုပ်ပိုင်ခွင့်ရှိမှု အနည်း၊ အများအပေါ်မူတည်ပြီး ဖြစ်ပေါ်လာခြင်းဖြစ်၍ ထိုအချက်ကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် ကိုင်တွယ်ဖြေရှင်းကြ ရမည်ဖြစ်သည်။
အဂတိလိုက်စားမှုသည် မြန်မာနိုင်ငံအဖို့ သိမ်မွေ့နက်နဲပြီး ကြီးမား ကျယ်ပြန့်သော နယ်ပယ်ကြီးတစ်ခုဖြစ်နေသဖြင့် တာဝန်ရှိသူအဆင့်ဆင့်တို့က မိမိတို့သည် နိုင်ငံ့သားကောင်းများဖြစ်သည်၊ နိုင်ငံကိုအလုပ်အကျွေး ပြုနေသူများဖြစ်သည်၊ ရိုးသားဖြောင့်မတ်စွာဖြင့် ကျင့်ကြံအားထုတ်မည်ဟူသော ကောင်းမြတ်သောပြုမူဆောင်ရွက်မှုများကို တဖြည်းဖြည်း အားထုတ်သွားပြီး မိမိတို့ပတ်ဝန်းကျင်တွင် အဂတိကင်းစင်အောင် ဝိုင်းဝန်း လက်တွဲဆောင်ရွက်မှသာ နောင်ဆယ်နှစ်တန်သည်တွင် အောင်မြင်မှုကိုရရှိလာမည်ဖြစ်သည်။
သို့ဖြစ်ရာ တရားမျှတပြီး တန်းတူညီမျှ အခွင့်အရေးခံစားနိုင်သည့်ပွင့်လင်းမြင်သာသော ဒီမိုကရေစီစနစ်ကိုထူထောင်ရာ တွင် သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်ရေးဖြစ်စေရန်အတွက် အဂတိလိုက်စားမှုကို ထိရောက်စွာ ဝိုင်းဝန်းတိုက်ဖျက်မှသာ ဂုဏ်သိက္ခာရှိပြီး ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံ ထူထောင်နိုင်မည်ဖြစ်ပါကြောင်း။
ကြေးမုံ