၂၂ ဇန်နဝါရီ
မြို့နယ်တရားသူကြီးတစ်ဦး၊ မြို့နယ်ဥပဒေအရာရှိတစ်ဦးနှင့် အထက် တန်းရှေ့နေတစ်ဦးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က မကြာသေးမီက တရားစွဲဆိုအရေးယူဆောင်ရွက်ခဲ့သည်။ သစ်တောဥပဒေ ဖြင့် အရေးယူခံရသောအမှုမှ သက်သေခံမော်တော်ယာဉ်ကို ပြည်သူ့ ဘဏ္ဍာမသိမ်းဘဲ ပိုင်ရှင်ထံ ပြန်ပေးစေရေးအတွက် ကျပ်ငွေ သိန်း ဆယ်ဂဏန်းများနှင့်ချီ၍ လာဘ်ငွေရယူခဲ့ခြင်းနှင့်စပ်လျဉ်း၍ နစ်နာသူက တိုင်ကြားခဲ့ရာမှ တရားသူကြီး၊ ဥပဒေအရာရှိနှင့် ရှေ့နေတို့မှာ ဥပဒေနှင့် တစ်ပြန်တစ်လှည့် ရင်ဆိုင်ရသည့်ဘဝသို့ ကျရောက်ခဲ့ရခြင်းဖြစ်သည်။
သတင်းတွင် ဖော်ပြထားချက်အရ ၄င်းတို့မှာ ထွက်ပြေးတိမ်းရှောင်လျက် ရှိသည်ဟု ဆိုထားရာ တရားဥပဒေ၏အာဏာစက်ဝန်းမှ မည်မျှကြာကြာ ပြေးနိုင်ပါမည်နည်းဟူ၍ စောကြောဖွယ်ရာဖြစ်သည့်အပြင် ရာထူးတာဝန် က ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုသူတို့အတွက် သတိသံဝေဂယူဖွယ်ရာပင်ဖြစ်သည်ဟု òန်းဆိုလိုသည်။ယမန်နှစ် နိုဝင်ဘာလ ၂၃ ရက်နေ့က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အသစ်ကို နိုင်ငံတော်သမ္မတက ဖွဲ့စည်းတာဝန်ပေးအပ်လိုက်ပြီး သည့်နောက် ကော်မရှင်သစ်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများကို လက်ရှိအခြေအနေအရ အတတ်နိုင်ဆုံး၊ အကောင်းဆုံး ဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်ရသည်။
လက်ရှိအခြေအနေအရဟု ဆိုရာတွင် ၂ဝ၁၃ ခုနှစ်ကပြဋ္ဌာန်းခဲ့သော အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေတွင် ပါရှိနေသည့် အားနည်းချက်များကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ လုပ်ငန်းလုပ်ဆောင်နိုင်မှု အတိုင်းအတာမှာ အကန့်အသတ်များရှိနေခဲ့ပြီး ဥပဒေပါ အချို့သော အချက်အလက်များကြောင့် အဂတိလိုက်စားမှုများကို တိုင်ကြားရန်၊ စုံစမ်းဖော်ထုတ်ရန် အတွက် အခက်အခဲ အဟန့်အတားများ သဖွယ်ရှိနေခြင်းကြောင့်ပင်ဖြစ် သည်။မိမိတို့နိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် အမြစ်တွယ်လျက်ရှိသည့် အဂတိ လိုက်စားမှုများမှာ အောက်ခြေလမ်းဘေး လက်ဖက်ရည်ဖိုး၊ ကွမ်းဖိုးအဆင့် မှသည် ဘီလီယံနှင့်ချီသည့် အဆင့်ထိ နေရာဌာနတိုင်းတွင် ရှိနေသည်ဟု ပြည်သူအများက ယုံကြည်ထားကြသလို နိုင်ငံတကာတွင်လည်း အဂတိ လိုက်စားမှုအòန်းကိန်းအရ အမျိုးသားရေးဂုဏ်သိက္ခာကို ညစ်နွမ်းထိပါး လျက်ရှိနေရာ အမြစ်ပြတ်သည်အထိ ဖယ်ရှားရှင်းလင်းသွားရမည်မှာ အမျိုးသားရေး တာဝန်တစ်ရပ်ဟုပင် ဆိုရမည်ဖြစ်သည်။
ယခုအခါ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေ ကြမ်းကို ပြည်သူများသိရှိလေ့လာအကြံပြုနိုင်ရန် ဖော်ပြထားပြီးဖြစ်ရာ ယခင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏လုပ်ငန်းများကို ထိထိရောက်ရောက် မလုပ်ကိုင်နိုင်အောင် အဟန့်အတားဖြစ်နေသည့် ဥပဒေပုဒ်မများကို အစားထိုးဖြည့်စွက်ပြင်ဆင်မှုများ ပြုလုပ်ထားသည်။ ဥပဒေကိုအတည်ပြုပြဋ္ဌာန်းနိုင်ပြီဆိုပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများ သွက်သွက်လက်လက် ထိထိရောက်ရောက်လုပ်ကိုင်လာနိုင် မည်ဖြစ်ကြောင်း ရှုမြင်မှုများ၊ သုံးသပ်မှုများရှိနေသည်ကိုလည်း တွေ့ရ သည်။
အဂတိလိုက်စားမှုသည် လူပုဂ္ဂိုလ်တစ်ဦးချင်း၏ ကိုယ်ကျင့်သိက္ခာ ကို ထိခိုက်စေနိုင်သလို နိုင်ငံနှင့်လူမျိုးတို့၏ ဂုဏ်သိက္ခာကိုလည်း ညှိုးနွမ်း စေသည်။ အဂတိလိုက်စားမှု ကျယ်ကျယ်ပြန့်ပြန့် အမြစ်တွယ်နေသည့် တိုင်းပြည်မျိုးတွင် လူတို့၏ အကျင့်စရိုက်များ နိမ့်ကျစေခြင်း၊ တရားဥပဒေ စိုးမိုးမှု ပျက်ပြားစေခြင်း၊ သဘာဝသယံဇာတများ ဆုံးရှုံးစေခြင်း၊ ဆင်းရဲ နွမ်းပါးမှုသံသရာမှ ရုန်းမထွက်နိုင်ခြင်း၊ နိုင်ငံ့ဘဏ္ဍာများ ဆုံးရှုံးခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျခြင်း စသည်တို့အပါအဝင် မြောက်မြားလှစွာသော ဆိုးကျိုးများကိုခံစားရကာ နာလန်မထူနိုင်သည့် နိုင်ငံဘဝသို့ ရောက်ရှိ နေစေမည် ဖြစ်သည့်အလျောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး၏ အားမာန်အသစ်နှင့် ခြေလှမ်းများကို ကြိုဆိုအပ်ပါကြောင်း။ ။
မြန်မာ့အလင်း