နေပြည်တော် မတ် ၁၀
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ (၁၁) နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ကျင်းပရာ ကော်မရှင်ဥက္ကဋ္ဌဦးစစ်အေး၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က (၁၁) နှစ်တာ ကာလအတွင်း ကော်မရှင်ရုံး၏ လုပ်ငန်းတာဝန်များကို ကျရာကဏ္ဍတွင် ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ကော်မရှင်အနေဖြင့် ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း ပျော်ရွှင်အောင် ဖန်တီးဆောင်ရွက်ပေးလျက်ရှိပြီး ဝန်ထမ်းသက်သာ ချောင်ချိရေးနှင့် ဝန်ထမ်းများ၏ အခက်အခဲများကို အမြဲတမ်းစဉ်းစား ဖြေရှင်းပေးနေသကဲ့သို့ ဝန်ထမ်းများအနေ ဖြင့်လည်း တာဝန်ထမ်းဆောင်ရာတွင် အထက်အောက် ဆက်ဆံရေးကောင်းမွန်ပြီး မိမိတာဝန် ယူဆောင်ရွက်ရသည့် လုပ်ငန်းများအပေါ် တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန်လိုပါကြောင်း၊ ကော်မရှင်ဝန်ထမ်းများအနေဖြင့် ကြိုးကြိုးစားစားဖြင့် ညီညွတ်စွာ ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ကြစေလိုကြောင်း၊ ကော်မရှင်၏ ရည်မှန်းချက် ပန်းတိုင်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ကြရန်မှာကြားသည်။
ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူးက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တွင် ဖွင့်လှစ်သည့် သင်တန်းများ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကော်မရှင်ရုံးဝန်ထမ်းများကို ဆုများချီးမြှင့်ခဲ့ပြီး၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း က အိမ်ရာ/ အဆောင်များအလိုက် ပတ်ဝန်းကျင် သန့်ရှင်း သာယာလှပရေး ဆောင်ရွက်မှု၊ သီးပင်၊ စားပင်များ စုပေါင်းစိုက်ပျိုးမှုနှင့် စည်းကမ်းကောင်းမွန်မှုတို့တွက် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုများ ရရှိခဲ့သည့် အိမ်ရာ၊ အဆောင်တာဝန်ခံများကို ဆုချီးမြှင့်သည်။ ယင်းနောက် ဗလာမပါ ကံစမ်းမဲဖောက်ချီးမြှင့်ပေးခြင်းဖြင့် ပျော်ရွှင်စွာကျင်းပခဲ့ ကြောင်း သိရသည်။
သတင်းစဉ်