နေပြည်တော် မတ် ၃၀
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ အခြေခံလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပရာ ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ အရာထမ်း၊ အမှုထမ်းများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲတွင် ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက သင်တန်းကာလ ပြီးမြောက်သွားသည့်အတွက် ဝန်ထမ်းအသစ်များအနေဖြင့် သင်တန်းတွင် လုပ်ငန်းခွင်နှင့် ပတ်သက်သည့် လုပ်ထုံး လုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်၊ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ ကျင့်ဝတ်များကို လေ့လာမှတ်သားရသည့်အပြင် နည်းပြများ၏ သင်ကြားပို့ချမှု၊ လုပ်ငန်းခွင် အတွေ့အကြုံများကို လေ့လာသင်ယူခဲ့သည့်အတွက် လုပ်ငန်းခွင်တွင် အကျိုးရှိရှိပြန်လည် အသုံးချလုပ်ကိုင်ရန်လိုကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် ရရှိသည့်အတွေ့အကြုံများနှင့်ပေါင်းစပ်ပြီး စဉ်ဆက်မပြတ် တိုးတက်အောင် ကြိုးစား လုပ်ဆောင်သွားရန်လိုကြောင်း၊ ရာထူးအဆင့်အလိုက် ထမ်းဆောင်ရမည့် လုပ်ငန်းတာဝန်များကို ကျွမ်းကျင်စွာ ဆောင်ရွက်ရန်၊ နိုင်ငံ့ဝန်ထမ်းများပီပီ နိုင်ငံတော်နှင့် ပြည်သူ၊ ကော်မရှင်အပေါ် သစ္စာစောင့်သိ စေတနာရှိစွာ ဆောင်ရွက်ရန်နှင့် ပါတီနိုင်ငံရေးကင်းရှင်းရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆု များရရှိခဲ့ကြသည့် သင်တန်းသား သုံးဦးအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးထံ သင်တန်းဆင်း လက်မှတ်များ ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်


