နေပြည်တော်၊ စက်တင်ဘာ  ၁

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဆိုင်ရာ အမှုစစ် သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင်ကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပရာ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ကော်မရှင်ရုံးခွဲတို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

သင်တန်းဆင်းပွဲ အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌဦးစစ်အေးက သင်တန်းသားများအနေဖြင့် သင်တန်းမှရရှိသည့်  ဘာသာရပ်ဆိုင်ရာ ဗဟုသုတများ၊ အတွေ့အကြုံများနှင့် လုပ်ငန်းတာဝန်များကို စနစ်တကျ ပေါင်းစပ်ပြီး လုပ်ငန်းခွင်တွင် အကျိုးရှိရှိ ပြန်လည်အသုံးချသွားကြရန်၊ စုံစမ်းစစ်ဆေးရေး ဆိုင်ရာလုပ်ငန်းများကို တာဝန်ကျေပွန်စွာ ထမ်းရွက်နိုင်ရုံသာမက ဖြောင့်မတ်တည်ကြည်မှုရှိပြီး တာဝန်ယူ၊ တာဝန်ခံမှုအပြည့်ဖြင့် ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် သွားကြရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်း အဂတိတရားကင်းရှင်းပြီး တည်ဆဲဥပဒေ၊ နည်းဥပဒေနှင့် စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျဖြစ်စေရေး လိုက်နာကျင့်သုံး ကြရန်၊ ပေးအပ်သည့်လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ကြိုးစားထမ်းဆောင်ကြရန် တိုက်တွန်း ပြောကြားသည်။

 

ယင်းနောက် ကော်မရှင်ဉက္ကဋ္ဌက သင်တန်းတွင် ပထမဆု၊ ဒုတိယဆု၊ တတိယ ဆုများရရှိခဲ့ကြသည့် သင်တန်းသား (၃)ဦးကို ဆုများချီးမြှင့် ပေးအပ်ပြီး သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသား များကိုယ်စား သင်တန်းသားတစ်ဦးထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ ကြောင်း သိရသည်။

(သတင်းစဉ်)