နေပြည်တော် စက်တင်ဘာ ၁၉

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့်  “အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် လူငယ်တို့၏ အခန်းကဏ္ဍ” လူငယ်စကားဝိုင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော် လယ်ဝေးမြို့ အထက-၁ ကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပရာ ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ် များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊  ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြ သည်။

 

အဆိုပါ စကားဝိုင်းတွင် ကော်မရှင်အဖွဲ့ဝင်က  အဂတိလိုက်စားမှုသည် လာဘ်ပေး လာဘ်ယူမှုထက် များစွာကျယ်ပြန့် ကြောင်း၊  ကိုယ်ကျင့်တရား ပျက်ယွင်းခြင်းဖြစ်ကြောင်း၊ အဂတိလိုက်စားမှုကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ များကို သက်ရောက်စေနိုင်ကြောင်း၊ ကဏ္ဍအလိုက် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များပျက်ယွင်းပြီး မလုပ်သင့် မလုပ်ထိုက်သည်ကို လုပ်ခြင်းကြောင့် အဂတိလိုက်စားမှုများဖြစ်ပေါ်လာကြောင်း၊ လုပ်ငန်းခွင်တွင်လည်း ခွဲခြားဆက်ဆံ မှုများကြောင့်  အဂတိလိုက်စားမှုကို ဖြစ်စေကြောင်း၊ အများပြည်သူအကျိုးဆောင်ရွက်ရန် အပ်နှင်းထားသည့် အခွင့် အာဏာကို အလွဲသုံးခြင်းသည် အဂတိတရားဖြစ်ကြောင်း၊ အဂတိလိုက်စားမှုကြောင့် ကောင်းမွန်သောအုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရ  တည်ဆောက်ရာတွင် အဟန့်အတား ဖြစ်စေကြောင်း၊ လူငယ်များအနာဂတ်တွင် ကောင်းမွန်သည့်  လုပ်ငန်းခွင်၊ လူမှုဘဝများရရှိစေရန် အဂတိတရားကို တိုက်ဖျက်ရန် အဓိကကျပါကြောင်း၊ အဂတိတရားကို တိုက်ဖျက် ရာတွင်  ကိုယ်ကျင့်တရားကောင်းမွန်မှု အလေ့အကျင့် သည် အဓိကကျသဖြင့် လူငယ် များကို ငယ်စဉ်ကပင် ကိုယ်ကျင့် တရား ကောင်းမွန်စေရန် စာသင်ကျောင်းများမှအစပြု၍ လေ့ကျင့်သင်ကြားပေးရန်လိုအပ်ကြောင်း၊ ကျောင်းသားလူငယ် များအနေဖြင့် နိုင်ငံက အားကိုးအားထားပြုရသည့်၊ ဖြောင့်မတ်တည်ကြည်သည့် အနာဂတ်ခေါင်းဆောင် ဖြစ်လာစေရေး ကြိုးစားအားထုတ်ကြရန်လိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ “အဂတိလိုက် စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့ ၏အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း  ဆွေးနွေးပွဲကို ကျင်းပပြီး လယ်ဝေးမြို့ အထက-၁ ကျောင်းမှ ကျောင်းသား ကျောင်းသူများက ၎င်းတို့သိရှိလိုသည် များကို မေးမြန်းရာ Speaker များအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား ကျောင်းသူများက ပြန်လည် ဖြေကြားခဲ့ကြသည်။

 

ထို့ပြင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာအဆင့် (မူလတန်း နှင့်အလယ်တန်း) အဆင့်များမှ စတင်၍ အသိပညာပေး အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မော်လမြိုင်မြို့ အလက(ခွဲ)၊ ဖားအောက် အခြေခံပညာ အလယ်တန်း ကျောင်း၌ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ ၁၈၂ ဦးကို  ကော်မရှင်ရုံးခွဲမှ အမှုထမ်းတစ်ဦးက ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် (ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာနှင့် ပညာပေး (Edutainment) အစီအစဉ်ပါ အကြောင်းအရာများကို ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်