နေပြည်တော် ဖေဖော်ဝါရီ ၂၃
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် မြန်မာရိုးရာထုံးတမ်းစဉ် လာများနှင့်အညီ ဘာသာရေးပွဲတော်များနှင့် ပျော်ပွဲရွှင်ပွဲများကို အရာထမ်း၊ အမှုထမ်း များပါဝင်စေရေး အခါအားလျော်စွာ ကျင်းပဆောင်ရွက်လျက်ရှိရာ မြန်မာတို့၏ ဆယ့်နှစ်လ ရာသီ ပွဲတော်များအနက် တပို့တွဲလ ထမနဲထိုးပွဲကာလတွင် ကော်မရှင်ရုံးအဖွဲ့နှင့် ဦးစီးဌာန (၃)ခုအောက်ရှိ ဝန်ထမ်းများ တစ်ဦးနှင့်တစ်ဦး ဖေးမကူညီလိုစိတ်ရှိစေရန်၊ အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် စုပေါင်းဆောင်ရွက်တတ်စေရန်၊ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် အချင်းချင်းချစ်ကြည်ရင်းနှီးစွာနှင့် ပျော်ရွှင်မှုရှိစေရန်ရည်ရွယ်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး ဝန်ထမ်းမိသားစုများ စုပေါင်း ထမနဲထိုးပွဲကို ရုံးအမှတ် (၅၆) ယာဉ်ရပ်နားကွင်း၌ ယနေ့ နံနက်ပိုင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ထမနဲထိုးပွဲသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများသည် မြန်မာ့ ရိုးရာအစဉ်အလာများနှင့်အညီ ထမနဲထိုးနေမှုများကို တပျော်တပါး ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်