နေပြည်တော်၊ နိုဝင်ဘာ ၂၂
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း ဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်းနှင့် တာဝန်ရှိသူများ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင် ဉီးခွန်နေထွန်းဉီးနှင့် တာဝန်ရှိသူများ၊ အရာထမ်း/ အမှုထမ်းများနှင့် အဂတိလိုက်စားမှု တားဆီးကာ ကွယ်ရေးအဖွဲ့(CPU) အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန်က နေပြည်တော် စည်ပင်သာ ယာရေးကော်မတီအနေဖြင့် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့ Corruption Prevention Unit – CPU ကို ၂၀၁၉ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ပြီး အများပြည်သူထံမှ တုံ့ပြန်မှုရ ယူခြင်း အစီအစဉ် Public Feedback Programme–PFP စနစ်ဖြင့် နေပြည်တော်စည်ပင် သာယာရေးကော်မတီထံ ဝန်ဆောင်မှုလာရောက်ရယူသော အများပြည်သူများမှတင်ပြလာသည့် အခက်အခဲများကို ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ အရာထမ်း၊ အမှုထမ်းများ အနေဖြင့်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ကြပြီး မိမိကစ၍ အဂတိလိုက်စားမှုကို လုံးဝလက်မခံသည့် အလေ့အကျင့်ဖြစ်ထွန်းစေရန် ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ကော်မရှင်အဖွဲ့ဝင်က ကော်မရှင်အနေဖြင့် သန့်ရှင်း သောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်မှုစနစ် ဖြစ်ထွန်း ပေါ်ပေါက်ရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့ဘဏ္ဍာ ဆုံးရှုံးမှုလျော့နည်းရေးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအသိပညာများ တိုးပွားလာစေရန်ရည်ရွယ်၍ ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ ၁၄ ခုတို့တွင် အဂတိလိုက်စားမှုတား ဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU) များကို ဖွဲ့စည်းဆောင် ရွက်ပြီးဖြစ်ကြောင်း၊ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) ကို အသုံးပြု၍ အသေးစားအဂတိလိုက်စားမှုများ လျှော့ချနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ PFP အစီအစဉ်အသုံးပြုသည့် ဌာနများအတွက်လိုအပ်သည့် အသုံးပြုနည်းသင်တန်းများ ပို့ချပေးခြင်းများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြား သည်။
ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ စုံစမ်းစစ်ဆေးရေးကဏ္ဍများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူးက အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး ဆိုင်ရာကိစ္စရပ် များနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။
ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် ဦးဆောင်၍ နေပြည်တော်စည်ပင် သာယာရေးကော်မတီ အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


