နေပြည်တော် ဖေဖော်ဝါရီ ၁၄
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ အစိုးရနည်းပညာကောလိပ် (မန္တလေး)တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲတွင် အစိုးရနည်းပညာကောလိပ် (မန္တလေး) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦး နှင့် ကော်မရှင်ရုံးမှတာဝန်ရှိပုဂ္ဂိုလ်များ၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးသွင်၊ အစိုးရနည်းပညာကောလိပ် (မန္တလေး)မှ ကျောင်းအုပ်ကြီး ဒေါက်တာထွန်းကျော်မြင့်၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
စကားဝိုင်းတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦး က ကျောင်းသားလူငယ်များအနေဖြင့် အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်း တို့အကြား ခွဲခြားတွေးတောသည့် အခြေခံစဉ်းစားတွေးခေါ်မှုများ မှန်ကန်စေရန်၊ ဖြောင့်မတ် တည်ကြည်မှုရှိသည့် နိုင်ငံ့သားကောင်းများဖြစ်တည်စေရန်နှင့် အဂတိလိုက်စားမှုကိုလုံးဝလက်မခံသော ယဉ်ကျေးမှုတစ်ရပ် ဖြစ်ထွန်းစေရန်ရည်ရွယ်၍ တက္ကသိုလ်/ကောလိပ်များတွင် ယခုကဲ့သို့ လူငယ်စကားဝိုင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း။
ယနေ့ခေတ်တွင် ခေါင်းဆောင်ကောင်း၏ အဓိပ္ပာယ်ကို ဖွင့်ဆိုရာ၌ “ခေါင်းဆောင်ရာ တွင်သာ တော်နေသူမဟုတ်ဘဲ ကျင့်ဝတ်နှင့်လျော်ညီသည့်ရလဒ်များ ရရှိရန်အတွက် ထိထိရောက်ရောက် ဦးဆောင်ဦးရွက်ပြုနိုင်သူ” ဟုဖွင့်ဆိုကြပါကြောင်း၊ ကျင့်ဝတ်နှင့်ခေါင်း ဆောင်မှုသည် ချိတ်ဆက်လျက် ရှိနေပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူဘဝကတည်းက အဖွဲ့အစည်းနှင့် ဆောင်ရွက်ရသည့် ကိစ္စရပ်များတွင် ခေါင်းဆောင်အဖြစ်သော်လည်းကောင်း၊ နောက်လိုက်အဖြစ် သော်လည်းကောင်း ပါဝင်ဆောင်ရွက်နေကြရပြီဖြစ်သည့်အတွက် ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ လူငယ်များအနေဖြင့် ဆန်းသစ်သည့်အတွေး အခေါ်များနှင့် ခေတ်မီနည်း ပညာအသစ်များကို ကောင်းမွန်စွာအသုံးချ၍ အဂတိလိုက်စားမှုပုံစံအမျိုးမျိုးကို ပိုမိုထိ ရောက်စွာ တိုက်ဖျက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ အဂတိလိုက်စားမှုကိုတွန်းလှန် တိုက်ဖျက်ရာ၌ ဖြောင့်မတ်တည်ကြည်မှုကို အခြေခံသော Integrity Pact များ ဖြစ်ပေါ်လာစေရန် နိုင်ငံသားတိုင်းက ကျင့်ဝတ်များကို ကိုယ်စီစောင့်ထိန်းလိုက်နာကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပပြီး အစိုးရနည်းပညာကောလိပ် (မန္တလေး) မှ ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဆွေးနွေးသူများအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများက ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ အစိုးရနည်းပညာကောလိပ် (မန္တလေး)မှ ကျောင်းအုပ်ကြီး ဒေါက်တာထွန်းကျော်မြင့် က ကျေးဇူးတင်စကားပြောကြားပြီး ကော်မရှင်အဖွဲ့ဝင်က ကော်မရှင်အမှတ်တံဆိပ်ပါ ပစ္စည်းများကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးသွင် နှင့် အစိုးရနည်းပညာကောလိပ်(မန္တလေး)မှ ကျောင်းအုပ်ကြီး ဒေါက်တာထွန်းကျော်မြင့် တို့ကို အမှတ်တရပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်