နေပြည်တော်၊ ဩဂုတ် ၂၃
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ်(မကွေး)တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် “လူငယ်နှင့် ကျင့်ဝတ် စံနှုန်းများ” လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲတွင် နည်းပညာတက္ကသိုလ်(မကွေး) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်လွင်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နည်းပညာတက္ကသိုလ်(မကွေး)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဆန်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသား၊ ကျောင်းသူ (၇၀၀) တက်ရောက်ကြသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က လူငယ်များအနေဖြင့် ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုသည့်အတိုင်း လူငယ်များကို မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး အတွေးအခေါ် မှန်ကန်ရင့်ကျက်သည့် အနာဂတ် ခေါင်းဆောင်ကောင်းများဖြစ်စေရန်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ရန်၊ နိုင်ငံတော်အနေဖြင့် ပညာရေးအဆင့်မြှင့်တင်မှုကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူလူငယ်များသည် နိုင်ငံကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လက်ဆင့်ကမ်း ထမ်းဆောင်ရမည့် တာဝန်များရှိကြောင်း၊ ကျောင်းတွင်းစည်းကမ်းများ၊ ကျင့်ဝတ်များ လိုက်နာစောင့်ထိန်းရမည် သာမက ကျောင်းပြင်ပဖြစ်သည့် လုပ်ငန်းခွင်ဝင်ရောက်ချိန်များတွင်လည်း ဖြောင့်မတ်တည်ကြည်မှု၊ တာဝန်ယူ၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ မျှတမှု၊ လေးစားမှု၊ အများအကျိုးဆောင်ရွက်တတ်မှု၊ စည်းကမ်းလိုက်နာမှု စသည့် စံနှုန်းများကို လိုက်နာဆောင်ရွက်ခြင်းဖြင့်၊ မိမိနိုင်ငံ ဂုဏ်ယူရသူများဖြစ်အောင် ကြိုးစားဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်က အဂတိလိုက်စားမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အဓိကအဟန့်အတားတစ်ခု ဖြစ်ပါကြောင်း၊ ယင်းအဟန့်အတားကို ဖယ်ရှားပစ်ရန်အတွက် လူငယ်များ၏အင်အား လိုအပ်ပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုကို ဦးစွာတည်ဆောက်ရန်လိုကြောင်း၊ မျိုးဆက်သစ်လူငယ်များကို ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်း ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးရမည်ဖြစ်ကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် အပြုအမူ၊ စဉ်းစားတွေးခေါ်မှုနှင့် ကျင့်ဝတ်လိုက်နာမှုများကို ငယ်စဉ်ကတည်းက စနစ်တကျ လေ့ကျင့်ပျိုးထောင် ပေးရန်လိုပါကြောင်း၊ လူငယ်တွေအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် နည်းလမ်းအမျိုးမျိုးနှင့် ပါဝင်ဆောင်ရွက်နိုင်ပါကြောင်း၊ ယခုကဲ့သို့ လူငယ်စကားဝိုင်းများ ကျင်းပပေးခြင်းဖြင့်လည်း လူငယ်တွေပါဝင်နိုင်ရန် အခွင့်အလမ်းများ ဖွင့်ပေးခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး နည်းပညာတက္ကသိုလ်(မကွေး) မှ ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဆွေးနွေးသူများအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများက ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ နည်းပညာတက္ကသိုလ်(မကွေး)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဆန်းက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အပြန်အလှန် အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


