နေပြည်တော် ဇန်နဝါရီ ၉

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်းဖြစ်တည်လာစေရန်၊ အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့ကြား ခွဲခြားတွေးတောသည့် အခြေခံစဉ်းစားတွေးခေါ်မှု မှန်ကန်စေရန်ရည်ရွယ်၍ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်ကို အခြေခံပညာအဆင့် (မူလတန်းနှင့် အလယ်တန်း)အဆင့်များ၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယနေ့တွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၂၂)၊ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ရာ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၂၀) တက်ရောက်ကာ ကော်မရှင်ရုံး(နေပြည်တော်)မှ အရာထမ်းများက ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေးအစီအစဉ် (ဆရာကိုင်)စာအုပ်များမှ သင်ခန်းစာများကို ဆွေးနွေးကြသည်။

 

ကော်မရှင်အနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း နေပြည်တော်ကောင်စီနယ်မြေနှင့် ကော်မရှင် ရုံးခွဲများတည်ရှိရာ (ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်) မြို့များရှိ အခြေခံပညာ ကျောင်း (၁၀၀) ကျောင်းတွင် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်များကို ဆောင်ရွက်နိုင်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူပေါင်း (၂၃၆၀၂)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)