နေပြည်တော် ဧပြီ ၈
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ ဌေးအောင်နှင့် မန္တလေးတိုင်းဒေသ ကြီး ပြင်ဦးလွင်ဒေသရှိ ခရိုင်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လုပ်ငန်း ရှင်များကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ ဌေးအောင်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို ၁၉၄၇ ခုနှစ်မှစတင်၍ ဥပဒေ ပြဋ္ဌာန်းကာ ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့သော်လည်း ကာလ ကြာရှည်သည်နှင့်အမျှ အဂတိ လိုက်စားမှုများသည် ပုံစံအမျိုးမျိုး နှင့် ပေါ်ပေါက်လျက်ရှိကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် (Grand Corruption) ခေါ် နိုင်ငံအဆင့်၊ ဒေသတွင်းအဆင့် အကြီးစား အဂတိ လိုက်စားမှုမျိုးသာမက (Petty Corruption)ခေါ် အသေးစား အဂတိ လိုက်စားမှုမျိုး လည်း ဖြစ်ပွားနေကြောင်း၊ အမှန်စင်စစ် (Bribery) ခေါ် လာဘ်ပေးလာဘ်ယူ မှုထက် Corruption ခေါ် အဂတိ မှာ ပိုမိုကျယ်ပြန့်ပါကြောင်း၊ လာဘ်ပေး လာဘ်ယူရာတွင် ပေးသူယူသူ နှစ်ဦးသာရှိသော် လည်း နှစ်ဦးစလုံးတွင် အပြစ်ရှိ ပါကြောင်း၊ ထို့ထက် ပိုမိုကျယ်ပြန့် လာသည်မှာ ရာထူးတာဝန်အရ လုပ်ပိုင်ခွင့်ရှိသူအနေဖြင့် ပေးအပ် ထားသော အခွင့်အာဏာကို မိမိ ကိုယ်ကျိုးစီးပွားအတွက် တည်ဆဲ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်ပြီး နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုတို့ကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခြင်းတို့သည် အဂတိလိုက်စားမှု ကျူးလွန်ခြင်းပင် ဖြစ်ပါကြောင်း။
အဂတိလိုက်စားမှုကို ကျယ်ကျယ်ပြန့်ပြန့် တိုက်ဖျက်နိုင်ရေးအတွက်၂၀၁၃ ခုနှစ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပြဋ္ဌာန်းခဲ့ပါကြောင်း၊ ၂၀၁၄ ခုနှစ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ကြောင်း။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပိုမိုပြည့်စုံစေရန်အတွက် ပြန်လည်ဆန်းစစ်၍ ၂၀၁၄ ခုနှစ်တွင် ပထမအကြိမ်၊ ၂၀၁၆ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၂၀၁၇ ခုနှစ်တွင် တတိယအကြိမ်နှင့် ၂၀၁၈ ခုနှစ်တွင် စတုတ္ထအကြိမ် အသီးသီးပြင်ဆင်ခဲ့ရာ ယခုအခါတွင် ငါးနှစ်ကြာမြင့်ပြီ ဖြစ်သည့်အတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိုင်းသုံးသပ်မှု ပြုလုပ်ရန် စီစဉ်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် အပြည်ပြည် ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်း (United Nations Convention Against Corruption -UNCAC) ၏ ၂၀၁၁ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာသည်နှင့်အညီ ယင်း၏ ပြဋ္ဌာန်းချက်များအပေါ် နိုင်ငံ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ များနှင့် အညီ အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းရန် လုပ်ဆောင် လျက်ရှိကြောင်း။
အသိပညာပေးရေး ကဏ္ဍအနေဖြင့် မျိုးဆက်သစ်ကျောင်းသား ကျောင်းသူ လူငယ်များအကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာ၊ ဗဟုသုတဖြန့်ကြက်နိုင်ရန် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ဆရာကိုင် စာအုပ်များအပြင် အဆင့်မြင့် ပညာအတွက် ရည်ညွှန်း စာဆောင်များကို ပြုစုထုတ်ဝေ၍ ပညာရေးဝန်ကြီးဌာန အကူအညီဖြင့် ဖြန့်ဝေထားပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဘာသာရပ်များတွင် သင်ခန်းစာများအဖြစ် ထည့်သွင်း ပြဋ္ဌာန်း သင်ကြားနိုင်ရေးအတွက် ကိုလည်း ညှိနှိုင်းလျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် အဂတိလိုက်စားမှုတိုက်ဖျက် ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေး ပွဲများကို Fabric စနစ်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ရာ ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း။
အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် ဝန်ကြီးဌာန/ အဖွဲ့အစည်း ၃၇ ဖွဲ့နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် အဖွဲ့အစည်း ၁၄ ဖွဲ့ စုစုပေါင်း ၅၁ ဖွဲ့ ဖွဲ့စည်းထားရှိပြီး ခရိုင်နှင့် မြို့နယ် အဆင့်များအထိ ဆက်လက်တိုးချဲ့ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း၊ CPU အဖွဲ့များ၏ လုပ်ငန်း တာဝန်ဖြစ်သည့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ် (Public Feedback Program-PFP) ကိုလည်း ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။
ထို့အတွက် ဒေသတွင်းအဖွဲ့ အစည်းများ၊ အစိုးရအဖွဲ့အစည်း များ၊ လုပ်ငန်းရှင်များ၊ ပြည်သူများ အားလုံး ပူးပေါင်းဆောင်ရွက်သွား ရန်လိုအပ်သည့်အပြင် ကျောင်းသား ကျောင်းသူများအကြား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ဗဟုသုတများ ပြန့်ပွားနိုင်ရန် ပညာပေးသင်ကြားမှု အစီအစဉ်များကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ထမ်းကျင့်ဝတ်များနှင့် ဌာနအလိုက် ချမှတ်ထားသည့် ကျင့်ဝတ်များကိုလည်း အထူးဂရုပြု လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
သတင်းစဉ်