အဂတိလိုက်စားမှုတွန်းလှန်ဖို့ ကိုယ်ကျင့်သိက္ခာမြှင့်တင်စို့

နေပြည်တော် ၂၂ ဇန်နဝါရီ

အဂတိလိုက်စားမှုဆိုသည်မှာ အများပြည်သူ အကျိုးဆောင်ရန်ပေးအပ်ထားသည့် အာဏာနှင့် အခွင့်အရေးများကို ပုဂ္ဂလိကအကျိုးအမြတ်အတွက် အသုံးပြုခြင်း၊ တစ်နည်းအားဖြင့် လုပ်ပိုင်ခွင့် အာဏာ အပ်နှင်းခံထားရသူတစ်ယောက်က သူတရားဝင်ရရှိထားသော အဆင့်နေရာနှင့် ရာထူး ဌာနန္တရကို သူ့ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုခြင်းပင်ဖြစ်သည်ဟု စီးပွားရေးပညာရှင် ဦးမြင့်က ယနေ့ဖတ်ကြား တင်သွင်းသည့် အဂတိလိုက်စားမှု-အကြောင်းအကျိုးနှင့် ကုထုံးများမြင်သာမှု ရှုထောင့်စာတမ်းတွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ စာတမ်းဖတ်ကြားဆွေးနွေးပွဲကို ရန်ကုန်မြို့ ပါ့ရိုင်ရယ်ဟိုတယ်၌ ယနေ့မှစ၍ နှစ်ရက်ကြာ ကျင်းပလျက်ရှိရာ အဂတိလိုက်စားမှု တိုက်ဖျက် ရေးသည် ပြည်သူများ၏ လိုလားချက်ဖြစ်သည့်အတွက် ပြည်သူများ သိသင့်သိထိုက်သည်များ ကို ကော်မရှင်ဥက္ကဋ္ဌနှင့် ပညာရှင်များအား ယခုကဲ့သို့ တွေ့ဆုံမေးမြန်းခဲ့သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်

 

ဒီပွဲလုပ်တဲ့ ရည်ရွယ်ချက် နံပါတ်တစ်က (CSO) အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ ရှေ့ကို အတူတကွလက်တွဲပြိီး ဆောင်ရွက် သွားရမယ့် လုပ်ငန်းစဉ်တွေ အများကြီးရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ထိတွေ့မှုရရှိ အောင် ရင်နှီးမှုရရှိအောင်ဆိုတဲ့ အချက်လည်းပါတယ်။ သူတို့နဲ့နယ်မြေ၊ ဒေသ၊ ကျွမ်းကျင်မှု၊ သူတို့ရဲ့ ပတ်ဝန်းကျင်အလိုက် ဒီအဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး တွေ့ရှိထားတဲ့ တွေ့ရှိချက် တွေလည်း အများကြီးရှိနိုင်ပါတယ်။ ရှိနိုင်တဲ့ အချက်အလက်တွေကိုလည်း ကျွန်တော်တို့ ကော်မရှင်က အခုစတင်ရေးဆွဲနေတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာထဲမှာ အချက်အလက်တွေအနေနဲ့ ထည့်သွင်းအသုံးပြုချင်တယ်။ အချက်အလက်စုဆောင်းတဲ့ သဘောပါပဲ။ ဒီမှာ တင်ပြတာတွေအားလုံးကို ကျွန်တော်တို့က စဉ်းစားမယ်၊ ကော်မရှင် အဖွဲ့ဝင် တွေအားလုံးလည်း ရောက်နေကြပါတယ်။ သူတို့တွေက ဒိီမှာဆွေးနွေးသမျှ အားလုံးကို မှတ်တမ်းတင်မယ်၊ ပြန်ပြီး Analyze လုပ်မယ်။ ပြီးရင်လိုအပ်တဲ့ အချက်အလက်တွေအားလုံးကို မဟာဗျူဟာထဲမှာ ထည့်သွင်းရေးဆွဲနိ်ုင်အောင် ဆောင်ရွက်သွားဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

ကျွန်တော်တို့ တာဝန်ယူတဲ့ နှစ်လတာကာလအတွင်း တိုင်ကြားမှုနဲ့ အရေးယူဆောင်ရွက်မှုဟာ ယခင်နှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ငါးဆကျော် တိုးတက်လာတာကို တွေ့ရပါတယ်။ ကျွန်တော်ထင်တာက တိုင်ကြားမှုယန္တရားကို လွယ်ကူအောင် လုပ်ပေးထားလို့ဖြစ်ပါတယ်။ အွန်လိုင်းကထုတ်ပြန်ပေးတာရှိသလို သတင်းစာရှင်းလင်းပွဲတွေနဲ့ ဘယ်လိုတိုင်ရမယ်၊ ဘယ်နေ ရာကိုတိုင်ရမယ်၊ ဘယ်ကိစ္စတွေဆို တိုင်လို့ရမယ်ဆိုတာ လွယ်ကူအောင် ပြောပြပေး တာတွေ လည်း ရှိပါတယ်။ ကျွန်တော်တိုု့အနေနဲ့ တိုင်လာတာအားလုံးကို ထည့်သွင်းစဉ်းစား ပေးပါတယ်။ သဘာဝအားဖြင့် ကိုယ်နဲ့မသက်ဆိုင်ဘူးဆိုပြီး ဘေးဖယ်ထားတာမျိုး မရှိပါဘူး။ ဘယ်ကိစ္စမဆို အဂတိလိုက်စားမှုနဲ့ အကျွမ်းဝင်သလား၊ မဝင်ဘူးလားဆိုတာကိုကြည့်ပြီး အကျွမ်းဝင်တာမှန် သမျှအားလုံးကို စဉ်းစားပြီး တုံ့ပြန်ဆောင်ရွက်မှု ပေးပါတယ်။ 

အဓိကပြောချင်တာကတော့ အဂတိလိုက်စားမှုဆိုတာ ဒီတိုင်းပြည်ကို ဆင်းရဲအောင်ဖြစ်နေတဲ့ အကြောင်းတရားတစ်ရပ်ပဲ၊ ဒီအဂတိလိုက်စားမှုကို တိုက်ဖျက်ဖို့ဆိုတာ ပြည်သူလူထု တစ်ရပ် လုံးက လိုလားနေတဲ့၊ တောင်းဆိုနေတဲ့ ကိစ္စပါပဲ၊ အဲဒီတော့ ဒီလိုလိုလားချက် တောင်းဆိုချက်ကို ကျွန်တော်တို့ ကော်မရှင်အနေနဲ့ တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်ပေးသွားပါမယ်၊ အဲဒီလို ဆောင်ရွက်ရာမှာ အရေးကြီးတဲ့အချက်ကတော့ နိုင်ငံသားတိုင်း၊ နိုင်ငံသားတိုင်းက မည်သည့် အဂတိလိုက်စားမှုကိုမဆို သည်းမခံဖို့၊ ခွင့်မလွှတ်ဖို့၊ လျစ်လျူမရှုဖို့ ဒါကိုအဓိကထားပြီး ပြောချင် ပါတယ်။ ဒီလိုပြစ်မှုမျိုး အဂတိလိုက်စားမှုတွေကို တွေ့ရှိလာရင်ကျွန်တော်တို့ ကော်မရှင်ကို တင်ပြပြီး ကျွန်တော်တို့ ကော်မရှင်နဲ့ အတူတကွ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်သွားနိုင် အောင်ပူးပေါင်းဆောင်ရွက်သွားကြပါလို့ ပြောချင်ပါတယ်။

စီးပွားရေးပညာရှင် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်

ကျွန်တော် ဒီနေ့ဆွေးနွေးမှာကတော့ စီးပွားရေးလုပ်ငန်းရှင်တွေ အဂတိလိုက်စားမှုမှာ မပါဝင်ဖို့ကို အဓိကထားတင်ပြမှာဖြစ်ပါတယ်။ အဂတိလိုက်စားမှုလို့ ပြောရင်သတိပြုဖို့လိုတာက လူ့အဖွဲ့ အစည်းတစ်ခုမှာ အပိုင်းသုံးပိုင်းရှိတယ်။ နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိက၊ အရပ်ဖက်လူ့ အဖွဲ့အစည်း တွေ ဖြစ်ပါတယ်။ အဂတိ လိုက်စားမှုလို့ ပြောတဲ့အခါ ဒီသုံးရပ်စလုံးက အဂတိလိုက်စားမှုကို ရှောင်ဖို့လိုပါတယ်။ နိုင်ငံတော်အစိုးရက အဂတိလိုက်စားမှုကို ရှောင်ဖို့လိုသလို လုပ်ငန်းရှင် တွေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေကလည်း အဂတိလိုက်စားမှုကို ရှောင်ဖို့လိုပါတယ်။ အဲဒီသုံး ပွင့်ဆိုင် အလယ်ဗဟိုကတော့ တစ်ဦးချင်းပေါ့။ တကယ်တမ်း ရင်ဆိုင်ဖို့ဆိုရင် တစ်ဦးချင်း တစ်ယောက်ချင်း တာဝန်ကျေမှရမယ်။ လွယ်လွယ်လေးပါ၊ မပေးဖို့၊ မယူဖို့ပဲ။ ခက်တာက လွယ်ပေမယ့် အင်မတန်ခက်တာ၊ မပေးရင်လည်း မနေတတ်တော့ဘူး၊ မယူရင်လည်း အကျင့်ပါ နေတယ်။ ကျွန်တော်တို့အနေနဲ့ Mindset စိတ်နေ စိတ်ထားတွေကို ပြောင်းလဲရမယ်။ ကျွန်တော် စိတ်မကောင်းတာက အဂတိလိုက်စားမှုက ယဉ်ကျေးမှုတစ်ရပ် ဖြစ်နေတယ်။ ကန်တော့ရတယ်၊ လက်ဆောင်ပေးရတယ်၊ ဒါတွေကို ဖြတ်မှရမယ်၊ ကိုယ့်ယဉ်ကျေးမှုအရ ကန်တော့တာ ကတစ်ပိုင်း၊ သို့သော်လည်း ကန်တော့တဲ့ နောက်ကွယ်မှာ နှောင်ကြိုးတွေ မပါဖို့ အဓိကဖြစ် တယ်။ အဂတိလိုက်စားမှုက တစ်ဦးချင်းတစ်ယောက်ချင်းရဲ့ စိတ်ပေါ်မှာမူတည်တယ်။ တစ်ဦး ချင်းတစ်ယောက်ချင်းက ဖြေရှင်းမှရမယ်လို့ တိုက်တွန်းချင်ပါတယ်။ ငွေကြေးဘယ်လောက် အတိုင်းအတာမှာ အဂတိလိုက်စားမှုလို့ သတ်မှတ်တယ်ဆိုတာမရှိဘူး။ တစ်ကျပ်ယူလည်း အဂတိလိုက်စားတာ၊ တစ်သန်းယူလည်း အဂတိလိုက်စားတာ ဖြစ်ပါတယ်၊ တစ်ကျပ်ယူတာ အသေးအဖွဲပါဆိုပြီး လက်ခံတာ၊ တစ်ထောင်ယူတာ၊ နှစ်ထောင်ယူတာလခနည်းလို့ အရေး မကြီးပါဘူး၊ လခနည်းတာနဲ့မဆိုင်ဘူး၊ သိက္ခာနဲ့ဆိုင်တာ၊ အဂတိလိုက်စားမှုတွေက ပမာဏ များတာ၊ နည်းတာနဲ့မဆိုင်ဘူး၊ တာဝန်ကြီးတဲ့သူက ပိုသတိထားရမယ်၊ နမူနာပြဖို့လိုတယ်။

တာဝန်ယူတဲ့နိုင်ငံတော်အစိုးရ၊ တာဝန်ရှိတဲ့အစိုးရ ဝန်ထမ်းတွေ၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ အားလုံးက ဒါကိုထိန်းမှရမယ်၊ အရေးကြီးတာ လူငယ်တွေပါ။ လူငယ်ဆိုတာအားလုံးက ရိုးသား တယ်၊ ရိုးတဲ့လူငယ်တွေက လုံးဝမရိုးသားတာကို လက်မခံရင် အောင်မြင်မယ်။ အဂတိလိုက်စား မှုကို ညှာနေလို့မရဘူး၊ သေးတာကြိီး တာမဟုတ်ဘူး။ တကယ့်ကိုကိုင်တွယ်နိုင်ရင်တော့ ပျောက်သွားလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးက အားလုံးနဲ့ ဆိုင်တယ်၊ အစိုးရနဲ့လည်းမဟုတ်ဘူး၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့လည်း မဟုတ်ဘူး၊ အရပ်ဖက် လူ့အဖွဲ့အစည်းတွေတင်မ ဟုတ်ဘဲတစ်ဦးချင်း၊ တစ်ယောက်ချင်းက တာဝန်ယူနိုင်ရင် ပျောက်ကွယ်သွားလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။

ဦးခင်မောင်ညို (ဘောဂဗေဒ)

ကျွန်တော်တို့နိုင်ငံက အခုဒီမိုကရေစီအသွင် ကူးပြောင်းရေးတွေလုပ်နေတယ်။ ဒီမိုကရေစီ လမ်းကြောင်းကို ဦးတည်ပြီးသွားနေတဲ့ အခါကောင်းတာတွေရှိတယ်။ ဆိုးတာတွေ လည်းရှိ တယ်။ ကောင်းတာကတော့ အကျင့်ပျက်တာတွေကို ထိန်းနိုင်တဲ့ နည်းလမ်းတွေ ပိုများလာ တယ်။ အကျင့်ပျက်မယ့် နည်းတွေလည်း ပိုများလာတယ်။ ဒီမိုကရေစီလမ်းကြောင်းကို သွားလိုက်ရုံနဲ့ အကျင့်ပျက်ခြစားမှုတွေက အလိုအလျောက်လျော့မသွားဘူး။ အလွယ်ဆုံး ပြောလိုက်ရင် နှစ်နည်းပေါ့၊ တစ်ခုက ဆုပေးဒဏ်ပေးတဲ့နည်းပေါ့။ နောက်တစ်ခုကသူတို့ရဲ့ အကျင့်စာရိတ္တတွေ ကောင်းမွန်အောင်လုပ်တဲ့နည်းပေါ့။ အဲဒီအချက်လေးတွေကို ကျွန်တော် ဆွေးနွေးမှာဖြစ်ပါတယ်။ အခုဒီမှာအရပ်ဖက်လူမှု အဖွဲ့အစည်းတွေကပြောတာကို ကော်မရှင် လူကြီးတွေက နားထောင်မယ်။ ထူးခြားတာကတော့ အနယ်နယ်အရပ်ရပ်က အဖွဲ့အစည်းတွေ လာကြတာဆိုတော့ နယ်တွေကဖြစ်နေတဲ့ အခြေအနေတွေကို ကြားသိရလိမ့်မယ်လို့ မျှော်လင့် တယ်။ မြန်မာနိုင်ငံရဲ့ အဂတိလိုုက်စားမှု တိုက်ဖျက်ဖို့ ဒီလိုပွဲတွေက ခြေလှမ်းတစ်ခုပါ၊ ဒီအပေါ် မှာမှ အကြံပြုချက်တွေကို စုစည်းမယ်။ ရှေ့ဆက်သွားဖို့ ခြေလှမ်းတစ်ခုပေါ့၊ အထူးသဖြင့် ဒါက အစိုးရဝန်ထမ်းတွေကို ဦးတည်ပြီးပြောတာပါ၊ အဲဒီလိုဆောင်ရွက်ရာမှာ တစ်ဖက်ကလည်း သူတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့လိုသလို တစ်ဖက်ကလည်း သူတို့ရဲ့ စိတ်ဓါတ်တွေ ပိုပြီးမြင့်မားလာဖို့လိုတယ်။ နောက်တစ်ခုက ဒီအကျင့်ပျက်ခြစားတာကို ကြိုတင်ပြီးတားဆီးနိုင်တဲ့ နည်းလမ်းတွေ၊ အဖွဲ့အစည်းတွေ ဒါတွေလည်းလိုအပ်ပါတယ်။ ဒါတွေအားလုံး ဘက်ပေါင်းစုံက ဆောင်ရွက်မှရမှာဖြစ်ပါတယ်။

ဦးဟန်ညွန့် (အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်)

ဒီနေ့ကျင်းပတဲ့ စာတမ်းဖတ်ပွဲရဲ့ ခေါင်းစဉ်က “အဂတိလိုက်စားမှုတွန်းလှန်ဖို့ ကိုယ်ကျင့် သိက္ခာ မြှင့်တင်စို့” ဆိုတဲ့ဆောင်ပုဒ်ဖြစ်ပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးက ပြည်သူလူထု တစ်ရပ်လုံးက ကိုယ်ကျင့်သိက္ခာမြင့်မားမှသာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် တစ်ခုတည်းနဲ့ တာဝန်ရှိအဖွဲ့အစည်း တစ်ရပ်တည်းနဲ့ လုပ်ကိုင် ဆောင်ရွက်လို့ မရပါဘူး။ ဒါကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေမှာ အများပြည်သူနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့ အချက်၊ အများပြည်သူတွေကို ပညာပေးရမယ်ဆိုတဲ့ အချက်၊ အဲဒီပညာပေးရမယ်ဆိုတဲ့ အချက်တွေက ပေါက်ဖွားလာတဲ့ အတွေ့အကြုံတွေကို အဂတိလိုက် စားမှုကော်မရှင်နဲ့အတူ ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်ရမယ်ဆိုတဲ့ အချက်တွေကို အထူးသဖြင့် ဖော်ပြပြဋ္ဌာန်းထားခြင်း ဖြစ်ပါတယ်။

အခုအချိန်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် အများပြည်သူက ပိုမိုပူးပေါင်း ဆောင်ရွက်လာတာကိုလည်း တွေ့ရပါတယ်။ အဲလို ပူးပေါင်းဆောင်ရွက်ဖို့ဆိုတာကလည်း ကျွန်တော်တို့ရဲ့ အခြေခံဗဟုသုတတွေ ပြည့်ဝနေရမှာ ဖြစ်ပါတယ်။ ဗဟုသုတတွေ၊ အသိပညာ၊ အတတ်ပညာတွေ မြင့်မားတိုးတက်လာလေလေ ကိုယ်ကျင့်သိက္ခာကို ပိိုမိုထိန်းသိမ်းနိုင်လေလေ ဖြစ်ပါတယ်။ ကိုယ်ကျင့်သိက္ခာ ထိန်းသိမ်းနိုင်ဖို့က အသိပညာ၊ ဉာဏ်ပညာ ဗဟုသုတ ကြွယ်ဝ မှဖြစ်ပါတယ်။ ဒါကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ဘယ်လိုနည်း လမ်းတွေ ရှိတယ်၊ ဘယ်လိုစီမံချက်တွေရှိတယ်၊ ဘယ်လို ရည်ရွယ်ချက်တွေရှိတယ်၊ ရှေ့လုပ် ငန်းစဉ်တွေ စသည်ဖြင့် ဖော်ပြပြဋ္ဌာန်းထားပါတယ်။ အခုဆိုရင် အများသိတဲ့အတိုင်းပါပဲ၊ နေ့စဉ် ထုတ် သတင်းစာများမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ ပတ်သက်ပြီး ဥပဒေ ပြင်ဆင်ချက်တွေကိုလည်း လတ်တလော ဖော်ပြထားတာရှိပါတယ်။ အဲဒီပြင်ဆင်ချက်တွေက လည်း အများပြည်သူရဲ့ ကိုယ်ကျင့်သိက္ခာ မြင့်မားရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပိုမိုအားကောင်းစေရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေရဲ့ အားနည်းချက်၊ ချို့ယွင်းချက်၊ လိုအပ်ချက်တွေကို ဖြည့်ဆည်းတင်ပြ ထားခြင်းဖြစ်ပါတယ်။ အဲဒီဖြည့်ဆည်း တင်ပြချက် တွေကိုလည်း အများပြည်သူ လေ့လာဖတ်ရှုနိ်ုင်အောင် နိုင်ငံပိုင်သတင်းစာများမှာ ဖော်ပြပါတယ်။ အားနည်း၊ ချို့ယွင်းချက်တွေကို လေ့လာပြီး ဘယ်အချက်တွေက ပိုပြီးဖြည့် စွက်သင့်တယ်၊ ဘယ်အချက်တွေက လျော့ပေါ့သင့်တယ်၊ တိုးပြီးဆောင်ရွက်သင့် တယ်ဆိုတာ အများပြည်သူရဲ့ ဆန္ဒကိုခံယူထားရှိပါတယ်။

ကျွန်တော်တို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တစ်ခုတည်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို လုပ်လို့မရပါဘူး။ အများပြည်သူက ပူးပေါင်းပါဝင်ဆောင်ရွက်မှ၊ ကူညီမှ၊ သတင်းပေးမှ ဒီလုပ်ငန်းကအောင်မြင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်ပြည်သူလူထု အနေနဲ့ ပူးပေါင်း ကြပါ၊ ပါဝင်ကြပါ၊ အကြံပေးကြပါ၊ ကူညီကြပါလို့ ထပ်လောင်း ဖိတ်ခေါ်အပ်ပါတယ်။

တွေ့ဆုံမေးမြန်း-ရီရီမြင့်၊နန္ဒာဝင်း
ဓာတ်ပုံ-ရဲထွဋ်