မြန်မာနိုင်ငံမှာ လာဘ်ပေးလာဘ်ယူနဲ့ အဂတိလိုက်စားမှုဆိုတာ လုပ်ရိုးလုပ်စဉ် သာမန်ကိစ္စ တစ်ခုသဖွယ် မထူးဆန်းသလောက် ဖြစ်နေသည်မှာ ကြာပါပြီ။ ပြည်သူတို့၏ နေ့စဉ်လူမှုဘဝထဲက အစိတ်အပိုင်းတစ်ခုလို ဖြစ်နေသော ဤမျှလောက်အသားကျနေ သည့် အလေ့အထသည် ယခုအခါ အစိုးရအဖွဲ့အစည်းက ကိုင်တွယ်ပုံအောက်တွင် စတင်ပြောင်းလဲလာနေသည်။ သည်လိုပြောင်းလဲမှု ကိုလည်း ပြည်သူတို့က အားတက်သရော ထောက်ခံဝမ်းသာနေကြသည်ကို သတိပြုမိပါသည်။
အမှန်တော့ အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုတို့၏ ဒဏ်ကို အခံစားရဆုံးမှာ ပြည်သူတို့သာ ဖြစ်ချေသည်။ ထို့ကြောင့်လည်း အဂတိမှုကို ပြည်သူတို့က လွန်စွာစက်ဆုပ်ကြ၏။ မိမိ၏ အလို၊ မိမိ၏ မလိုလားမှု၊ ကြောက်၍၊ မသိနားမလည်၍ စသောအကြောင်းများပေါ် မူတည်ကာ ဘက်လိုက်ခြင်းကို အဂတိဟုဆိုခြင်းဖြစ်၏။
သည်ထဲတွင် အထင်ရှားဆုံးက လာဘ်ပေးလာဘ်ယူလုပ်၍ မတရားသဖြင့် မမှန်မကန် အဆုံး အဖြတ်ပေးခြင်း၊ ဘက်လိုက်ခြင်းဆိုသည်က တန်းတူညီမျှခြင်းကင်းသည့် လူမှုအဖွဲ့အစည်းကို ပုံဖော်ခြင်းပင် ဖြစ်၏။ လာဘ်ပေးသူကို ဦးစားပေး၏။ လာဘ်မရလျှင် အာဏာကိုပြကာ မာန်ကာမဲကာ လုပ်၏။ သည်လိုနှင့် နေ့စဉ်လူမှုဘဝထဲတွင်ပင် လာဘ်ပေးလာဘ်ယူလုပ်မှ အလုပ်တွင်မည် ကဲ့သို့ဖြစ်လာ၏။ စီးပွားရေးနယ်ပယ်၊ တရားစီရင်ရေးနယ်ပယ်တို့တွင် လာဘ်ပေးလာဘ်ယူ ပါလာနေခြင်းဖြင့် လူတို့၏ အခြေခံ စိတ်ကောင်း စိတ်မြတ်တို့ကို ပျက်စီးစေပြီ။ လူတို့၏ လောကကို မယုံကြည်မှု၊ တရားမျှတမှုကို မယုံကြည်မှုတို့က လူ့လောကကိုပျက်စီးစေမည့် အကြောင်းတရား ဖြစ်လာတော့မည်။
အမှန်တော့ မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ တရားစီရင်ရေး စသည့် နယ်ပယ်အစုံစုံတွင် အဂတိလိုက်စားမှုများကြောင့် မတရားမှုများ ဖြစ်ခဲ့သည့်ဒဏ်ချက်များကို ပြည်သူတို့ ခံစားနေခဲ့ကြ ရသည်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့ပါပြီ။ အဂတိလိုက်စားခြင်း၊ လာဘ်ပေးလာဘ်ယူခြင်းတို့သည် လုပ်ပိုင်ခွင့်ရှိသူများ အာဏာရှိသူများတို့၏ တာကထွက်သည်။ ထိုသို့သော နေရာများတွင် တာဝန်ယူ ထားသူတို့က အလွဲသုံးစားလုပ်ရန် အခွင့်အရေးရှိနေသောကြောင့် ဖြစ်သည်။
အာဏာပိုင်စိုးသူတို့ အလွန်အမင်း ချမ်းသာကြွယ်ဝကြပြီး ပြည်သူတို့ ဆင်းရဲနွမ်းပါးနေမှု မြင်ကွင်းက အဂတိခေတ်ကို ထင်ရှားစေသည့် မြင်ကွင်းပင်ဖြစ်ပါသည်။ ယခု ပြည်သူ့အစိုးရ လက်ထက်တွင် ဖွဲ့စည်းတာဝန်ပေးထားသော အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ခြေလှမ်းများ ဆောင်ရွက်မှုများကို ပြည်သူတို့က အထူးတလည် မျှော်လင့်တကြီး စောင့်မျှော်နေကြပါသည်။
နိုင်ငံ၏ စီးပွားရေးအခြေအနေ တိုးမြင့်ရန်၊ ပြည်သူတို့ စားဝတ်နေရေး ချောင်လည်လာရန် စသည့် အခြေခံလိုအပ်ချက်များသည် အဂတိကင်းစင်ရေး လာဘ်ပေးလာဘ်ယူမှုများ ပပျောက်ရေးပေါ်တွင် များစွာတည်မှီနေသည်ဟု ဆိုနိုင်ပါသည်။ အထူးသဖြင့် ယခုကာလကဲ့သို့သော နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ မှုများဖြင့် လက်တွဲအလုပ်လုပ်ရန် တာစူစိုင်းပြင်းနေသည့် အချိန်တွင် အဂတိကင်းသည့် ပတ်ဝန်းကျင် ဖန်တီးရန်ပိုမိုလိုအပ်မည် ဖြစ်ပါသည်။ ထို့ကြောင့် ပြည်သူ့ကိုယ်စားလှယ်အများစုဖြင့် ဖွဲ့စည်းတာဝန်ယူထားသည့် ပြည်သူ့အစိုးရ လက်ထက်တွင် အဂတိကင်းစင်ရေးကို ပြည်သူတို့က ပိုမိုမျှော်လင့်ကြပါသည်။
အဂတိလိုက်စားမှုများကို ထိထိရောက်ရောက် အရေးယူခြင်းသည် အခြေခံကျသော ကိုင်တွယ်နည်း တစ်ခုဖြစ်ပါသည်။ အမှုနှင့် ပတ်သက်၍ စစ်ဆေးခြင်း၊ အရေးယူခြင်း၊ ဥပဒေနှင့်အညီ စနစ်တကျ ထိထိမိမိ ကိုင်တွယ်ဆောင်ရွက်ခြင်းသည် အဂတိလိုက်စားမှုများစွာကို ထိန်းချုပ်လျော့ကျသွားစေမည့် ခြေလှမ်းများဖြစ်သည်ဟု ယုံကြည်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။