၁၁ စက်တင်ဘာ

သူတစ်ပါး၏ ဥစ္စာပစ္စည်းတစ်စုံတစ်ခုကို ထိုသူက ကြည်ဖြူစွာပေးခြင်း မဟုတ်ဘဲ ရယူသည်ဆိုလျှင် ယင်းကို ခိုးခြင်းဟု မိရိုးဖလာ ဗုဒ္ဓဘာသာ အယူအဆအရ ယုံကြည်ကြ၏။  ထို့အတူပင်  မိမိရသင့်ရထိုက်တာ  မဟုတ်သည့်  အခွင့်အရေး ဥစ္စာပစ္စည်းငွေကြေး တစ်စုံတစ်ရာကို ရယူခြင်းသည်လည်း မတရားရယူခြင်း၊ မမှန်ကန်သော  အာဇီဝအမှုပဲဟူ၍  ယုံကြည်ကြ၏။  တိတ်တဆိတ်ယူမှမဟုတ်၊ မသိအောင်ယူမှမဟုတ်။


မိမိမှာ  တာဝန်ရှိသည့်အတိုင်း  ဆောင်ရွက်ပေးရမည့်အလုပ်ကို  လာဘ်တစ်စုံတစ်ရာမရမချင်း     လုပ်ဆောင်မပေးခြင်းသည်    တစ်နည်းအားဖြင့် ငွေညှစ်ခြင်း၊ သူတစ်ပါးငွေကို ကြည်ဖြူစွာပေး၍ ရယူခြင်းမဟုတ်သည့်အတွက် မတရားပြုမူခြင်းတစ်မျိုးသာဖြစ်၏။

ခိုးယူခြင်း၊ သူတစ်ပါးမကြည်ဖြူသည်ကိုရယူခြင်း၊ အဓမ္မနည်းဖြင့် မတရား ရယူခြင်း၊ အဂတိလာဘ်ပေးလာဘ်ယူ အစရှိသည်တို့အားလုံးသည် အကုသိုလ် အမှုသာဖြစ်၏။

အနှီလို နည်းများဖြင့် မည်မျှလောက်ပင် ချမ်းသာကြွယ်ဝနေသည်ဖြစ်စေ ထိုသူတို့သည် အဓမ္မသမားများသာဖြစ်၏။ အကုသိုလ် ထုံမွှမ်းနေသော ပုဂ္ဂိုလ်တို့သာ ဖြစ်၏။

ခေတ်စနစ်အမှားအယွင်းတစ်ခုကာလတွင် ထိုထိုသော အကုသိုလ်အမှုများ စတင်တွင်ကျယ်လာခဲ့၏။  သည့်အရင်က  မြန်မာ့လူမှုအဖွဲ့အစည်းတွင်  ထိုထိုသော   အကုသိုလ်အမှုများကို    ပြုလုပ်သူတို့သည်    လူမှုအသိုင်းအဝိုင်းတွင် လူရာမဝင်သူများဖြစ်၏။   မည်မျှပင်   ငွေကြေးပြည့်စုံသည်ဖြစ်စေ   လူမှုအဖွဲ့ အစည်း၏ ကဲ့ရဲ့မှုကို ခံရသူတို့သာဖြစ်ချေ၏။  ထို့ကြောင့်ပင် အကုသိုလ်အမှုတို့ကို ပြုသူတို့သည် ထင်ထင်ပေါ်ပေါ် မလုပ်ဝံ့။ ထင်ထင်ပေါ်ပေါ် မနေဝံ့။

အဂတိများ၊ လာဘ်ပေးလာဘ်ယူမှုများ၊ အဓမ္မနည်းဖြင့် မတရားရယူမှုများ တွင်ကျယ်လာသည့်  ခေတ်ဆိုးကြီးက  လူတို့ကို  မှားယွင်းသော  အမြင်၊ အသိအတွေး၊ မှားယွင်းသော ဘဝနေနည်း ထိုင်နည်းတို့ကို သင်ကြားပေးလာသည့်အခါ ထိုအကုသိုလ်အမှုများသည် တရားဝင်သယောင်ဖြစ်လာ၏။ လာဘ်ရဖို့ လွယ်သော လုပ်ငန်းတာဝန်နေရာများကိုရလျှင် အရတော်လေစွ၊ ကံကောင်းလေစွဟူ၍     အသိုင်းအဝိုင်းက    ချီးမွမ်းအားပေးပြုကြသည်အထိ     ဖြစ်လာတော့သည်။

အာဏာနှင့် လုပ်ပိုင်ခွင့် ကြီးလာလေလေ၊ ရယူနိုင်ခွင့်များ ပိုရှိလာလေလေ  အကုသိုလ်ကြီးလာသည်ဟု   မမြင်တော့ဘဲ  ကံတက်လာသည်ဟု  ယူဆလာ လေလေဖြစ်လာသည်မှာ      တိုင်းပြည်တစ်ခုလုံး    ကံကြမ္မာအဆိုးနွံထဲသို့ တစ်စတစ်စ ဆင်းရသည်ကဲ့သို့။

မတရားပြုသူ၊ အကုသိုလ်ကြီးသူတို့က ချမ်းသာသည်ထက် ချမ်းသာလာသည်နှင့်အမျှ  လူ့ကိုယ်ကျင့်သိက္ခာနှင့်   တန်ဖိုးစံများက   ပြောင်းပြန်လုံးလုံး ဖြစ်လာတော့သည်။  မဟုတ်မတရားလုပ်မှုများသည်  လူတို့၏  လုပ်ရိုးလုပ်စဉ် အသက်ရှင်သန်နေထိုင်ရေးအတွက်  သာမန်ရှာဖွေစားသောက်ရေးနှယ်နှယ် ဖြစ်လာသည်။

ပြည်သူ့အစိုးရပေါ်ပေါက်လာသည့်အခါ အထူးဂရုပြု ထိန်းကွပ်လာသည့် လုပ်ငန်းစဉ်တစ်ခုမှာ အဂတိနှင့် လာဘ်ပေးလာဘ်ယူ ကိစ္စများဖြစ်ပါသည်။

ပြည်သူလူထု၏   ယုံကြည်အပ်နှံတာဝန်လွှဲပေးမှုကြောင့်   ရရှိလာသော တာဝန်၊  အာဏာနှင့်  လုပ်ပိုင်ခွင့်တို့ကို  အလွဲသုံးစားမပြုရေးနှင့်   အခွင့်ထူးခံ စိတ်ဓာတ်ပပျောက်ရေးက တာဝန်ကြီးကြီး ရယူထားသူတို့အတွက် တင်းကျပ်သော   စည်းမျဉ်းများဖြစ်လာ၏။    မတရားမှုမပြုနိုင်ရန်     ထိန်းညှိကိုင်တွယ် သကဲ့သို့ မတရားမှုဖြစ်လာလျှင် ထိထိရောက်ရောက် အရေးယူနိုင်ရန် ကြိုးစားလာသည်။

ပြည်သူလူထုအတွင်းတွင်လည်း   ကိုယ်ကျင့်သိက္ခာစံနှုန်းများ   ပြန်လည်တည့်မတ်လာသည်ကို သတိပြုမိပါသည်။ လူမှုအဝန်းအဝိုင်းထဲတွင် ကိုယ်ကျင့် သိက္ခာရှိသူများကို  အထူးတလည်  ချီးကျူးကြ၊  မတရားပြုမှုများကို  ဝိုင်းဝန်း ဖယ်ကြဉ်ကြစသည်ဖြင့် လူထုနည်းဖြင့် စံနှုန်းများကို ဖြည်းဖြည်းချင်း တိုးမြှင့် လာကြသည်။

ကောက်ရပစ္စည်းပြန်ပေးသည့်  အဖြစ်အပျက်များကဲ့သို့သော  မိမိရသင့် ရထိုက်သည်   မဟုတ်သည်ကို    ငြင်းပယ်ခြင်းမျိုး၊   ခိုးဝှက်မှု၊  လုယက်မှုတို့ကို ရှက်စရာ  ကြောက်စရာအဖြစ်  ပြုပြင်ကြရမည့်   အကျင့်များအဖြစ်  အသိုင်းအဝိုင်းက ကျယ်ကျယ်လောင်လောင် မြွက်ဟလာခြင်းမျိုး၊ မည်မျှပင် ချမ်းသာ ကြွယ်ဝနေသူများဖြစ်စေ  သမ္မာအာဇီဝ  မဟုတ်လျှင်  အထင်အမြင်သေးစရာ အဖြစ်   ရှုမြင်ဝေဖန်လာကြခြင်းမျိုးတို့မှာ  တိုးတက်ပြောင်းလဲလာသော  လူမှုစံနှုန်းများကို ဖော်ပြနေပါသည်။

မသမာမှုများကို   အားပေးနေသည့်   စနစ်အောက်တွင်   ခိုးဝှက်မှုများ မတရားမှုများဖြင့်  ချမ်းသာကြွယ်ဝသူ  မည်မျှလောက်   များပြားနေစေကာမူ သိက္ခာကင်းမဲ့သော  နိုင်ငံအဖြစ်သာ    ပေါ်လွင်နေမည်ဖြစ်လေသည်။  ဆင်းရဲသော     နိုင်ငံသားအများစုဖြစ်နေသောနိုင်ငံ၊    မဖွံ့ဖြိုးသောနိုင်ငံအဖြစ်သာ ရှိနေမည်သာ။

ကောင်းမှု   မကောင်းမှု၊ တရားမှု  မတရားမှုတို့ကို   ကောင်းစွာနားလည်သော၊  သိက္ခာရှိသော  စီးပွားရေးယ္တရားနှင့်  စနစ်ကို  တည်ဆောက်နိုင်ပါစေ သတည်း။   

မြန်မာ့အလင်း