အီဒလစ်ပြည်နယ် လွတ်မြောက်ရေးကို ဦးစားပေးကိစ္စတစ်ရပ်အဖြစ် ဆီးရီးယားအစိုးရရှုမြင်

ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး ဝါလစ်အယ်လ်မိုအာလမ်သည် ဆီးရီးယားအစိုးရ၏ အဓိကဦးစားပေးကိစ္စမှာ အီဒလစ်ပြည်နယ် လွတ်လပ်ရေးပင်ဖြစ်သည်ဟု တနင်္လာနေ့ တွင်ပြောကြားခဲ့ကြောင်း ဆာနား သတင်းအေဂျင်စီက ဖော်ပြခဲ့ကြောင်း သိရသည်။

အကြမ်းဖက်အုပ်စုများထံမှ အီဒလစ်ပြည်နယ် လွတ်မြောက်ရေးအတွက် ကြိုးပမ်းရာတွင် ဆီးရီးယားနှင့် ရုရှားတို့ အကြား ပူးပေါင်းဆောင်ရွက်မှုများရှိနေကြောင်း အယ်လ်မိုအာလမ်က ပြောကြားခဲ့သည်။ တူရကီ၊ အီရန်နှင့် ရုရှားတို့သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ကော်မတီတစ်ရပ်ဖွဲ့စည်းမှု အပါအဝင် ဆီးရီးယားအရေးကိစ္စကို ဆွေးနွေးရန် အတွက်မကြာမီ ဂျီနီဗာ၌ တွေ့ဆုံသွား ကြမည်ဖြစ်ရာ အီဒလစ်ပြည်နယ်နှင့် ပတ်သက်၍ ၎င်းက ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တူရကီနှင့် ရုရှားတို့သည် စက်တင်ဘာလက အီဒလစ်ပြည်နယ်နှင့် အနီးဝန်းကျင် ဧရိယာများတွင် စစ်မဲ့ဇုန် ထူထောင်ရန်အတွက် သဘောတူညီခဲ့ကြသည်။ သို့သော်လည်း သဘောတူ စာချုပ်ကို ချိုးဖောက်မှုများ နေ့စဉ်နှင့် အမျှဖြစ်ပွားခဲ့သည်။

ဆီးရီးယားရှိ ဧရိယာများအားလုံး လွတ်မြောက်ရေးနှင့် စပ်လျဉ်း၍ ပြောဆိုရာတွင် အယ်လ်မိုလမ်က ဆီးရီးယား အစိုးရသည် မြောက်ပိုင်းရှိ ကာ့ဒ်မျိုးနွယ်စုများက ထိန်းချုပ်ထားသည့် ဧရိယာများဆီသို့ အာရုံစိုက်သွားမည့် လက္ခဏ ရှိကြောင်း ပြောကြားခဲ့သည်။

ဆီးရီးယားမြောက်ပိုင်းရှိ ကာ့ဒ် ကိုယ်ပိုင်အုပ်ချုပ်ရေးအဖွဲ့က ဆီးရီးယား အရှေ့ပိုင်းရှိ ကာ့ဒ်စစ်သွေး ကြွကို နှိမ်နင်းသည့် စစ်ဆင်ရေးတစ်ရပ်ကို တူရကီတို့က ပြန်လည်ဆင်နွှဲလာနိုင်သည့် အန္တရာယ်ကို တုံ့ပြန်ဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။

ဆီးရီးယားနိ်ုင်ငံသား ကာ့ဒ်မျိုးနွယ် စုများသည် ဆီးရီးယားလူမှုအဖွဲ့အစည်း ၏ အစိတ်အပိုင်းတစ်ခုပင်ဖြစ်ရာ ဆီးရီးယားအစိုးရအနေဖြင့် အီဒလစ်ပြည်နယ်၏ အကျိုးစီးပွားအတွက် ဆွေးနွေးမှုများ ပြုလုပ်သွားရန် အသင့်ပင်ဖြစ်ကြောင်း အယ်လ်မိုလမ်က ပြောကြားခဲ့သည်။ 

ဆင်ဟွာ