လက်ရှိ  ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းနဲ့  အီဂျစ်အသင်းတို့ ဇူလိုင် ၇ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့   ၁၆ သင်းအဆင့်ပွဲစဉ်မှာ   အာဂျင်တီးနားအသင်းက  သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ အာဂျင်တီးနားအသင်းနဲ့ အီဂျစ်အသင်းတို့ပွဲစဉ်မှာ အီဂျစ်အသင်းက  ဒုတိယပိုင်းပွဲကစားချိန် ၇၈ မိနစ်အထိ  နှစ်ဂိုးပြတ်ဖြင့် ဦးဆောင်နိုင်ခဲ့ပေမယ့်  အီဂျစ်အသင်းအနေနဲ့   ခံစစ်ဦးစားပေးကစားခဲ့တာကြောင့် အာဂျင်တီးနားအသင်း ကစားအားမြှင့်လာခဲ့ပြီး ဒုတိယပိုင်းပွဲကစားချိန် ၇၉ မိနစ်မှာ ရိုမဲရိုးကတစ်ဂိုး၊ ၈၃ မိနစ်မှာ မက်ဆီက တစ်ဂိုး၊ သာမန်ပွဲကစားချိန်အပြီး နာကျင်အချိန်ပို နှစ်မိနစ်မှာ အန်ဇိုဖာနန် ဒက်ဇ်က တစ်ဂိုးသွင်းယူပေးခဲ့လို့ အာဂျင်တီးနားအသင်းက သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အခုပွဲစဉ်မှာ အာဂျင်တီးနားအသင်းနဲ့အတူ သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး မက်ဆီဟာ ယခု ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး ရှစ်ဂိုးအထိရှိလာခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်မှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ်  ရပ်တည်နေတာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလား ကွာတား ဖိုင်နယ်အဆင့်မှာ ဆွစ်ဇာလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ဆွစ်ဇာလန်အသင်းဟာ (၁၆)သင်းအဆင့်မှာ ကိုလံဘီယာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး သာမန်ပွဲကစားချိန်အတွင်း ဂိုးမရှိ သရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် အချိန်ပိုကစားရာမှာလည်း အနိုင်အရှုံးမပေါ်ခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ်ခံယူရာမှာ ဆွစ်ဇာလန်အသင်းက လေးဂိုး-သုံးဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။                    

ငွေကြယ်