ကိုင်ရို ၂၆ ဒီဇင်ဘာ
အီဂျစ်နိုင်ငံ၏ မြို့တော်ကိုင်ရိုမှ အရှေ့မြောက်ဘက်တွင် တည်ရှိသော ဆေးရုံတစ်ရုံ၌ မီးလောင်မှု ယနေ့ဖြစ် ပွားခဲ့ရာ ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးဝါးကုသမှုခံယူလျက်ရှိသော လူနာ ခုနစ်ဦးသေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ လုံခြုံရေးနှင့် တရားရေးသတင်းရင်းမြစ်က ဖော်ပြထားသည်။
ကိုင်ရိုမြို့မှ အရှေ့မြောက်ဘက် ၃၅ ကီလိုမီတာခန့်အကွာ အိုဘာခရိုင်ရှိ ဆေးရုံတစ်ရုံ၏ အထူးကြပ်မတ်ကု ဌာန၌ ဖြစ်ပွားသည့် အဆိုပါ မီးလောင်မှုကြောင့် ကျန်လူနာငါးဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ် က ထပ်မံဖော်ပြထားသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရခြင်း အကြောင်းရင်းကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း တာဝန်ရှိသူများအနေဖြင့် ယင်းမီးလောင်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်နေပြီဖြစ် ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် ဒေသဆိုင်ရာ တာဝန်ရှိသူများက မီးသတ်တပ်ဖွဲ့ဝင်များအား အခင်းဖြစ်ပွား သည့်နေရာသို့ ချက်ချင်းစေလွှတ်ပြီး အခြားနေရာများသို့ မီးလောင်မှု မကူးစက်မီ ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်အထိ အီဂျစ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၃၀၁၂၆ ဦးရှိပြီး ၎င်းတို့အနက် ၇၃၀၉ ဦးသည် ရောဂါကြောင့် သေဆုံးခဲ့သည်။
ထို့အတူ ပြီးခဲ့သည့် ဇွန်လက အီဂျစ်နိုင်ငံ၏ ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်သည့် အလက်ဇန်ဒရီးယားမြို့ရှိ ဆေးရုံ တစ်ရုံ၌ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ ဆေးဝါးကုသမှုခံယူလျက်ရှိသော ကိုဗစ်လူနာ ခုနစ်ဦးသေဆုံးပြီး ကျန် လူနာခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကိုးကား - အေအက်ဖ်ပီ
ဘာသာပြန် - ဂျေတီ