ကိုင်ရို ၃ ဒီဇင်ဘာ 

အီဂျစ်နိုင်ငံ မြောက်ဘက် ကမ်းရိုးတန်းမြို့ တစ်မြို့ဖြစ်သည့် အလက်ဇန်ဒရီးယားမြို့၌ အဆောက်အအုံ ပြိုကျမှု တစ်ခုဖြစ်ပွားခဲ့ရာ လူခြောက်ဦးထက်မနည်း သေဆုံးပြီး ကိုးဦးပျောက်ဆုံးနေကြောင်း တရားဝင်လုံခြုံရေး သတင်းရင်းမြစ်က ယနေ့ဖော်ပြထားသည်။

ဒီဇင်ဘာ ၂ ရက် ညနှောင်းပိုင်းက အလက်ဇန်ဒရီးယားမြို့၊ မိုဟာရမ်ဘက်ခ်ရပ်ကွက်တွင် လေးလွှာ အဆောက်အအုံတစ်လုံး ပြိုကျခဲ့ရာမှ ယခုကဲ့သို့ သေဆုံးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ထပ်မံဖော်ပြထားသည်။ 

ဒေသဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့သည် အဆောက်အအုံပြိုကျမှု ဖြစ်ပွားခဲ့ပြီးနောက် အခင်းဖြစ်ပွားသည့် နေရာသို့ ချက်ချင်းသွားပြီး အမျိုးသားသုံးဦးနှင့် အမျိုးသမီးသုံးဦးတို့၏ အလောင်းကို အခင်းဖြစ်ပွားသည့်နေရာ၌ ရှာဖွေတွေ့ရှိခဲ့သည်။ သို့သော် ကူညီကယ်ဆယ်ရေးအဖွဲ့သည် အခင်းဖြစ်မှု၌ လူကိုးဦးပျောက်ဆုံးနေဆဲ ဖြစ်သည့်အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ဒေသဆိုင်ရာ အာဏာပိုင်များသည် သေဆုံးသွားသည့် အလောင်းခြောက်လောင်းကို လူနာတင်ယာဉ်ဖြင့် ရင်ခွဲရုံသို့ ပို့ဆောင်သွားကြောင်း သိရသည်။

အဆိုပါ အဆောက်အအုံသည် အန္တရာယ်ရှိသော အနေအထားတွင် ရှိနေသည့်အတွက် တာဝန်ရှိသူများက ယင်းအဆောက်အုံ၌ နေထိုင်သူများအား အခြားနေရာသို့ ပြောင်းရွှေ့ရန် လွန်ခဲ့သည့် နှစ်နှစ်ကတည်းက ညွှန်ကြားထားသော်လည်း အဆောက်အအုံ၌ နေထိုင်သူများက ပြောင်းရွှေ့ရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ Photo:AFP
ဘာသာပြန် - ဂျေတီ