ဧပြီ ၂
အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရိုရှိ အထည်အလိပ်စက်ရုံတစ်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၈ ဦးထက်မနည်းသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် Dar-elhilal web portal တွင် ယမန်နေ့ကဖော်ပြထားသည်။
ကိုင်ရိုပြည်နယ်၏ ထုတ်ပြန်ချက်အရ မတ်လ ၃၁ ရက်နေ့ညပိုင်းက ၁၂ ထပ်အဆောက်အအုံအတွင်းရှိ စက်ရုံနှင့် ၎င်း၏သိုလှောင်ရုံတို့ တည်ရှိရာမြေအောက်ခန်း၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ လူနာတင်ယာဉ် ၁၀ စီးခန့်သည် ဒဏ်ရာရရှိသူများကို အနီးနားရှိ ဆေးရုံအသီးသီးသို့ ပို့ဆောင်ပေးခဲ့ပြီး မီးသတ်ကားခြောက်စီးဖြင့် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
လူနေရပ်ကွက်တွင် မီးကူးစက်မှုမဖြစ်ပွားစေရန် အတားအဆီးများချထားခဲ့ကြောင်းနှင့် မီးလောင်မှုဖြစ်ပွားသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း Dar-elhilal web portal တွင် ထပ်လောင်းဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


