၃၀ စက်တင်ဘာ
၂၀၂၀ အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ကြိုးပမ်းနေသည့် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် အောက်တိုဘာတွင် အီဂျစ်နိုင်ငံ၌ ကျင်းပမည့် International Series ကြက်တောင်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ယင်းပြိုင်ပွဲမှာ သက်ထားသူဇာအတွက် ချန်ပီယံဆုကာကွယ်ရမည့်ပြိုင်ပွဲဖြစ်ပြီး ၂၀၁၈ ခုနှစ်က ရရှိခဲ့သည့် ချန်ပီယံဆုကို ပြန်လည်ကာကွယ်ရမည်ဖြစ်သည်။ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပနေသည့် International Series ပြိုင်ပွဲဖြစ်သော Egypt International 2019 ကြက်တောင်ပြိုင်ပွဲကို အောက်တိုဘာ ၁၇ ရက်မှ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး သက်ထားသူဇာအနေဖြင့် ချန်ပီယံဆုကာကွယ်နိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။ စက်တင်ဘာတွင် ပြိုင်ပွဲသုံးခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် သက်ထားသူဇာသည် နှစ်ပတ်ကျော်ကြာ ပြိုင်ပွဲဝင်မှုရပ်နားမည်ဖြစ်ပြီး ရန်ကုန်မြို့၌ လေ့ကျင့်မှုပြုလုပ်ကာ အီဂျစ်နိုင်ငံ၌ ကျင်းပမည့်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ သက်ထားသူဇာအတွက် Egypt International 2018 ပြိုင်ပွဲတွင်ဗိုလ်စွဲခဲ့သည့် ချန်ပီယံဆုမှာ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကျင်းပနေသည့်ပြိုင်ပွဲများတွင် ပထမဆုံးရရှိသည့်ချန်ပီယံဆုလည်းဖြစ်ခဲ့သည်။
သက်ထားသူဇာသည် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုများရခဲ့ပြီး နောက်ဆုံးယှဉ်ပြိုင်ခဲ့သော မော်လ်ဒိုက်နိုင်ငံ၌ ကျင်းပသည့်ပြိုင်ပွဲနှစ်ခုတွင် ဒုတိယတစ်ကြိမ်နှင့် တတိယတစ်ကြိမ်ရခဲ့သည်။ သက်ထားသူဇာသည် Future Series ပြိုင်ပွဲတွင် ဒုတိယနှင့် International Challenge ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်