ရန်ကုန် မတ် ၂၇
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့ရပါက နိုင်ငံသားများအပေါ် အလေးအနက်ထား တန်ဖိုးထားသည့်အနေဖြင့် မည်သို့သော အခြေအနေနှင့် တွေ့ကြုံရသည်ဖြစ်စေ မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့သည် သက်ဆိုင်ရာ သံရုံးများနှင့် ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံးအေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့ရှိ မြန်မာသံရုံးသည် အီဂျစ်နိုင်ငံတွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ မဖြူနှင်းဝေနှင့် မမူယုံခမ်းတို့အား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရန် အီဂျစ်အမျိုးသားလုံခြုံရေးဌာန၊ အီဂျစ်လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ၎င်းတို့၏ အလုပ်ရှင်တို့ဖြင့် ညှိနှိုင်းဆောင်ရွက်ခဲ့ရာ မတ် ၂၆ ရက်၌ အီဂျစ်နိုင်ငံမှ Cairo – Doha – Bangkok – Yangon ခရီးစဉ်ဖြင့် ထွက်ခွာနိုင်ခဲ့ပြီး ထိုနေ့ ည ၉ နာရီ ၃၅ မိနစ်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။ 
ပြည်ပတွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့၏ ညှိနှိုင်း‌ကူညီဆောင်ရွက်ပေးမှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိရာ ယခုကဲ့သို့ အမိနိုင်ငံသားများ အတိဒုက္ခကြုံတွေ့နေရစဉ် ကူညီကယ်တင်ပေးမှုအား အလုပ်သမားနှင့်မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရ၊ မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့အား လှိုက်လှဲစွာ အထူးကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။
ညိမ်းသူ (သတင်းစဉ်)
ဓာတ်ပုံ - ကနူး