၂၆ ဩဂုတ်
အီဂျစ်နိုင်ငံ ဂါဘီယာ ဒေသဟာ စံပယ်ပန်း စိုက်ပျိုးရေး လုပ်ကိုင်ရာ အဓိက နေရာ ဖြစ်ပါတယ်။ အဲဒီဒေသထွက် စံပယ်ပန်း အဆီကို ရေမွှေး ထုတ်လုပ်ရာတွင် အသုံးပြုကြောင်း၊ ကမ္ဘာမှာ လိုအပ်တဲ့ စံပယ်ပန်း အဆီရဲ့ တစ်ဝက်ကျော်ကို ဂါဘီယာက ထောက်ပံ့ပေးနိုင်ကြောင်း နိုင်ငံတကာ ကုန်သွယ်ရေး စာရင်းတွေအရ သိရပါတယ်။
စံပယ်ပန်းခူး ရာသီဟာ ဇွန်လကနေ နိုဝင်ဘာလ အထိဖြစ်ပြီး ခူးယူချိန်ကတော့ နေ့စဉ် သန်းခေါင်ယံ အချိန်ကနေ မိုးလင်းတဲ့အထိ ဖြစ်ပါတယ်။
စံပယ်ပန်းခူးခြင်း အလုပ်ကို ငယ်စဉ်ကတည်းက သင်ယူခဲ့ကြောင်း၊ ခူးရတဲ့ပန်းက သေးငယ်တဲ့အတွက် ပန်းခူးရာမှာ အာရုံစူးစိုက်မှုနဲ့ လက်ရဲ့လှုပ်ရှားမှု သွက်လက်ရန် လိုအပ်ကြောင်း စံပယ်ပန်းခူး တောင်သူ အီမန် မက်ဟာနာ က ပြောပါတယ်။
စံပယ်ပန်းဆီ ထုတ်လုပ်တဲ့ စက်ရုံမန်နေဂျာ ဘတ်အတ်ဖီက ပုံမှန်ဆိုရင် ဇွန်လက စတင်လိုက်တဲ့ ပန်းခူးရာသီဟာ နိုဝင်ဘာလအထိ ပန်းတန်ချိန် ၅ တန်လောက်အထိ ရှိကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် ကုမ္ပဏီရဲ့ တင်ပို့မှုအပေါ် သက်ရောက်တဲ့အတွက် ၅၀ ကနေ ၆၀ ရာခိုင်နှုန်းသာ တင်ပို့ရကြောင်း၊ အီဂျစ်နိုင်ငံရဲ့ ပြိုင်ဘက်နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ တူနီးရှား နိုင်ငံတွေက တင်ပို့တဲ့ စံပယ်ပန်းအနံ့ထက် အရည်အသွေးကောင်းအောင် လုပ်ဆောင်ရကြောင်း ပြောပါတယ်။
အီဂျစ်နဲ့ အိန္ဒိယနိုင်ငံတွေက ကမ္ဘာ့ဈေးကွက်ရဲ့ လိုအပ်တဲ့ စံပယ်ပန်းအဆီ ၉၅ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနေကြောင်း နိုင်ငံတကာ အာရိုမားအဆီ ကုန်သွယ်ရေးအဖွဲ့ IFEAT အဖွဲ့က ပြောပါတယ်။
အီဂျစ်နိုင်ငံက စံပယ်ပန်း ကုန်သွယ်ရေးမှ ဝင်ငွေဟာ တစ်နှစ်ကို ၆.၅ သန်း ရရှိပြီး လူပေါင်း ၅၀,ဝ၀ဝ လောက်ကို အလုပ်အကိုင် ပေးနေကြောင်း IFEAT ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
MDN
ကိုးကား - AFP
