ကိုင်ရို ၁ ဧပြီ
အီဂျစ်တရားရုံးတစ်ခုက အိုင်အက်စ်အကြမ်းဖက်အုပ်စု၏ သစ္စာခံအကြမ်းဖက်သမား ၃၀ အား ၎င်းတို့ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ကြောင်း ယမန်နေ့သတင်းများအရ သိရသည်။
ကိုင်ရိုတရားရုံးက အကြမ်းဖက်သမား ၁၈ ဦးအား ထောင်ဒဏ် ၂၅ နှစ်၊ ရှစ်ဦးအား ၁၅ နှစ်နှင့် ကျန်လေးဦး အား ၁၀ နှစ်စီ အသီးသီး ချမှတ်ခဲ့ကြောင်း သိရသည်။
အိုင်အက်စ်စစ်သွေးကြွအဖွဲ့အတွင်းသို့ ဝင်ရောက်ရန်မဲဆွယ်တရားဟောခြင်း၊ ပေါက်ကွဲစေတတ်သောပစ္စည်း များ လက်ဝယ်တွေ့ရှိမှု၊ အစိုးရရုံးအဖွဲ့အစည်းများအား ပစ်မှတ်ထားတိုက်ခိုက်မှု၊ အလက်ဇန်းဒီးယားစီရင်စုရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းအား ဗုံးဖောက်ခွဲခဲ့မှု အပါအဝင် ဆီးရီးယားနှင့် လစ်ဗျားနိုင်ငံအတွင်းရှိ အိုင်အက်စ်စစ်သွေးကြွများ၏ စစ်သင်တန်းပို့ချပေးမှုများကိုသင်ယူခဲ့ခြင်း စသည့် စွဲချက်များဖြင့် အဆိုပါ အကြမ်းဖက်သမားများအား ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တပ်မတော်က သမ္မတဟောင်း မိုဟာမက်မော်စီအား ဖြုတ်ချခဲ့သည့်အချိန် ၂၀၁၃ ခုနှစ် ဇူလိုင်လကစပြီး အီဂျစ်နိုင်ငံအတွင်းဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများတွင်လုံခြုံရေးအရာရှိများ၊ တပ်မတော်သားများနှင့် အရပ်သားများ ရာနှင့်ချီ သေဆုံးခဲ့ကြရသည်။
အလားတူ အီဂျစ်လုံခြုံရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်သမားများအကြား ပစ်ခတ်မှုများကြောင့် အကြမ်းဖက်သမားရာနှင့်ချီသေဆုံးခဲ့ပြီး ထောင်နှင့်ချီကာ ဖမ်းဆီးခံထားရကြောင်း သိရသည်။ ဆင်ဟွာ