မတ် ၂၈

 

အီကွေဒေါနိုင်ငံအလယ်ပိုင်း ချင်ဘိုရာဇိုပြည်နယ် အာလော့စီမြို့တွင် ယမန်နေ့ညပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ရာ လူ ၁၆ ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြား ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သဘာဝဘေးစီမံခန့်ခွဲမှုဌာနက ယနေ့တွင် ပြောကြားသည်။

 

အဆိုပါသဘာဝဘေးကြောင့် လူပေါင်း ၅၀၀ ထိခိုက်မှုရှိခဲ့ပြီး ခုနစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ထိုအေဂျင်စီ၏ ပဏာမဖော်ပြချက်အရ သိရသည်။

 

ထိုမြေပြိုမှုဖြစ်ပွားသဖြင့်နေအိမ်ပျက်စီးမှုမရေမတွက်နိုင်ကြောင်း၊ အသွားအလာများသောလမ်းမကြီး၏ ၆၅ ရာခိုင်နှုန်းမှာ အသုံးပြု၍မရတော့ကြောင်းနှင့် လမ်းမီးများအားလုံး၏ ၂၅ ရာခိုင်နှုန်းမှာ မီးမလင်းတော့ကြောင်း ဖော်ပြထားသည်။

 

ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအဖွဲ့များကို ထိုဒေသသို့သွားရောက်ရန်ချက်ချင်း စေလွှတ်ခဲ့ကြောင်းနှင့် နေအိမ်များဆုံးရှုံးခဲ့သူများအတွက် ယာယီနေရာထိုင်ခင်းနှင့်အိပ်ယာလိပ်တို့အသင့်ပြင်ဆင်ထားကြောင်း သိရသည်။

 

သမ္မတ၏အမိန့်အရ သဘာဝဘေးစီမံခန့်ခွဲမှုဌာနသည် လက်နက်ကိုင်တပ်ဖွဲ့များ၊ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ ဒေသတွင်းရဲတပ်ဖွဲ့နှင့် မီးသတ်ဌာနတို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ညှိနှိုင်းလုပ်ဆောင်သွားမည်ဟု  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို