ကွီတို မတ် ၂၈
အီကွေဒေါနိုင်ငံ ကမ်းရိုးတန်းပြည်နယ်ဖြစ်သည့် အက်စမာရာလက်ဒ် အီကွေဒေါဒေသတွင် မတ် ၂၆ ရက်တွင် ပြင်းအား ၆ ဒသမ ၀ ရှိ ငလျင်လှုပ်ခဲ့ရာ ဆေးရုံများ၊ ဒေသခံနေအိမ်များနှင့် ပြည်သူလူထု နှင့် သက်ဆိုင်သည့်အဆောက်အအုံများ ပျက်စီးခဲ့ရသည်ဟု မတ် ၂၇ ရက်တွင် အာဏာပိုင်များက ပြောသည်။
ငလျင်မှာ မတ် ၂၆ ရက် ဒေသစံတော်ချိန် ၁၁ နာရီ ၂၈ မိနစ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ငလျင်လှုပ်ခတ်ပြီးနောက် နောက်ထပ် ငလျင်ငယ်များလည်း ထပ်မံလှုပ်ခဲ့ကြောင်း အီကွေဒေါ ဘူမိရူပဗေဒသိပ္ပံက ထုတ်ပြန်ခဲ့သည်။ ကနဦး ထုတ်ပြန်ချက်များအရ နေအိမ် ၂၈ လုံးမှာ ပျက်စီးသွားခဲ့သည်။
ကျန်းမာရေးစင်တာ သုံးခု နှင့် ပြည်သူ့အဆောက်အအုံ သုံးလုံးမှာလည်း ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည်။ ပြည်နယ် ၂၄ ခုအနက် ၁၁ ခု တွင် ငလျင်ဒဏ် ခံစားရပြီး အက်စမာရာလက်ဒ်မြို့တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဆင်ဟွာ