အီလက်ထရွန်နစ် စျေးကွက်စီးပွားရေး ပီပြင်စွာဖြစ်ပေါ်လာရေး ကြိုးပမ်းဆောက်ရွက်

 

မျက်မှောက်ခေတ်သည်  အင်တာနက်ဆက်သွယ်ရေး တိုးတက်သုံးစွဲလာကြသည့်အလျောက် အမျိုးမျိုးသော ထုတ်ကုန်ပစ္စည်းများ အွန်လိုင်းများမှတစ်ဆင့် ရောင်းဝယ်ဖောက်ကားလျက်ရှိသည်ကို သတိပြုမိပါသည်။ သို့သော်လည်း အချို့သောအွန်လိုင်းရောင်းချမှုများသည် အဆင်ပြေချောမွေ့မှုရှိသလို အချို့သော အွန်လိုင်းရောင်းချမှုများမှာ အဆင်ပြေချောမွေ့မှု မရှိသည်များလည်း ရှိနိုင်ပါသည်။ ထိုသို့အဆင်မပြေ ချောမွေ့မှုများ ရှိနေခြင်းကပင် အီလက်ထရွန်နစ် စျေးကွက်စီးပွားရေး ပီပီပြင်ပြင် ဖြစ်ပေါ်လာရေးအတွက် အဓိကလိုအပ်ချက်တစ်ခုဖြစ်နေသည်ကို တွေ့ရပေသည်။

 

တိုးတက်ပြောင်းလဲလာသော စျေးကွက်စီးပွားရေးစနစ်သည် အွန်လိုင်းကို အများဆုံး အခြေခံ ဆောင်ရွက်လာကြသည်။ အွန်လိုင်းမှတစ်ဆင့် ကြော်ငြာခြင်း၊ အွန်လိုင်းမှတစ်ဆင့် စျေးကွက်ရှာဖွေခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း အစရှိသည်တို့ကို ရောင်းသူနှင့် ဝယ်သူအကြား ဆောင်ရွက်ကြပါသည်။ သို့သော်လည်း ရောင်းသူနှင့်ဝယ်သူတို့အကြား အွန်လိုင်းချိတ်ဆက်လုပ်ကိုင်ရသည့်အလျောက် နှစ်ဦးနှစ်ဖက် ယုံကြည်မှု တည်ဆောက်ရေးသည် လွန်စွာမှအရေးကြီးသောအချက် ဖြစ်ပါသည်။ အချို့သော အွန်လိုင်းရောင်းချမှုများသည် ကုန်ပစ္စည်း မှန်ကန်မှုမရှိခြင်း၊ အတုအပဖြစ်ခြင်း၊ လိမ်ညာရောင်းချခြင်းများအထိ ဖြစ်ပေါ်လျက်ရှိပါသည်။ တစ်ခါတစ်ရံဝယ်ယူသူက မိမိမှာယူထားသော ကုန်ပစ္စည်းတစ်ခုခုသည် အတုအပ သို့မဟုတ် အရည်အသွေးညံ့သော ကုန်ပစ္စည်းကို လက်ခံရရှိတတ်ပါသည်။ ဤသည်မှာ ရောင်းသူက ဝယ်သူအပေါ် မတရားသဖြင့်အမြတ်ထုတ်လိုခြင်း သဘောမျိုးဖြစ်ပါသည်။ အီလက်ထရွန်နစ်စျေးကွက် ကောင်းတစ်ခုဖြစ်ပေါ်ရေးသည် ပစ္စည်းမှန်၊ စျေးမှန်ဖြစ်ရေးသည်လည်း အရေးကြီးသော အချက်ဖြစ်ပါသည်။ ထုတ်ကုန်ပစ္စည်း၊ တစ်နည်းအားဖြင့်ရောင်းကုန်ပစ္စည်းတစ်ခုသည်ပေးရသော ငွေကြေးနှင့်ထိုက်တန်မှသာ ဝယ်သူအကြိုက် နှစ်ခြိုက်ကျေနပ်မှုကို ရရှိစေမည်ဖြစ်ပါသည်။

 

ယနေ့ကမ္ဘာတွင် အွန်လိုင်းရောင်းချမှုသည် ကမ္ဘာနှင့်အဝန်း ဖြစ်ပေါ်တိုးတက်လျက်ရှိပါသည်။ အမေဇုန်ဒေါ့ကွန်း၊ အလီဘာဘာ အစရှိသော ကုမ္ပဏီကြီးများသည် ကမ္ဘာကျော် လက်လီလက်ကား အွန်လိုင်းရောင်းချသည့် ဝန်ဆောင်မှုကုမ္ပဏီများဖြစ်ပါသည်။ ယင်းတို့သည် ကမ္ဘာ့မြို့ကြီး အတော်များများနှင့် အွန်လိုင်းအသုံးချခြင်းဖြင့် စက်မှုထုတ်ကုန်များသာမက ကျေးလက်ထုတ်ကုန်များဖြစ်သည့် သစ်သီးဝလံ ကောက်ပဲသီးနှံများကိုပါ ကမ္ဘာ့နေရာအနှံ့ အွန်လိုင်းမှ ရောင်းချလျက်ရှိသည်။ ဤအချက်ကို ထောက်ရှုခြင်းအားဖြင့် အီလက်ထရွန်နစ် စျေးကွက်ပလက်ဖောင်းတိုးတက်ရေး မဖြစ်မနေလုပ်ဆောင်ရမည့်အချက်ဖြစ်သည်။

 

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းနှင့် ကျိုက်ဝိုင်းဘုရား လမ်းထောင့်ရှိ MSME Center ခန်းမ၌ စက်မှုဝန်ကြီးဌာန စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ကြီးမှူး၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒစ်ဂျစ်တယ်စီးပွားရေးကို အခြေခံ၍ ထုတ်ကုန်ပစ္စည်းများ ရောင်းချခြင်းကို တွန်းအားပေးဆောင်ရွက်သည့်အနေဖြင့် E-Market Platform ပေါ်ရှိ MSME ထုတ်ကုန်အရောင်းပြခန်းကို ဇန်နဝါရီ ၆ ရက်က ဖွင့်လှစ်ခဲ့သည်။

 

အဆိုပါ ထုတ်ကုန်အရောင်းပြခန်းကို ဖွင့်လှစ်နိုင်ခြင်းဖြင့် ပြသရောင်းချသည့်ထုတ်ကုန်များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ ဒေသအလိုက်ထွက်ရှိသော MSME ထုတ်ကုန်များကို တစ်စုတစ်စည်းတည်း ရောင်းချရာနေရာ၊ တစ်နည်းအားဖြင့် စျေးကွက်ချိတ်ဆက်ပေးရာ  ပလက်ဖောင်းတစ်ခု ဖြစ်ကြောင်း၊ မြန်မာ့ MSME ထုတ်ကုန်များကို ပြည်တွင်းစျေးကွက်သာမက နိုင်ငံတကာစျေးကွက်များအထိ ထိုးဖောက်ရောက်ရှိရန် အစပြုပေး လိုက်သည့် ခြေလှမ်းတစ်ရပ်လည်းဖြစ်ကြောင်း သိရှိရသည်။

 

သို့ပါ၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့ရှိ အမြို့မြို့ အနယ်နယ်မှ သေး၊ ငယ်၊ လတ် စီးပွားရေး လုပ်ငန်းရှင်များ၊ တစ်ဆင့်ခံ ရောင်းဝယ်ဖောက်ကားကြသူများအနေဖြင့် မိမိတို့ ထုတ်ကုန်ပစ္စည်းများ နိုင်ငံတကာစံချိန်မီ အာမခံအရည်အသွေးထုတ်လုပ်ခြင်း၊ စျေးနှုန်းမှန်ကန်မျှတစွာ ရောင်းချခြင်းတို့အပါအဝင် ဒစ်ဂျစ်တယ် စီးပွားရေး ရေစီးကြောင်းအတွင်းလိုက်ပါကာ အီလက်ထရွန်နစ် စျေးကွက်စီးပွားရေး ပီပြင်စွာ ဖြစ်ပေါ်လာရေး တာဝန်ရှိသူအားလုံးက စဉ်ဆက်မပြတ် ဆက်လက်ကြိုးပမ်းကြရန် အလေးအနက်ထား၍ တိုက်တွန်းလိုက်ရပါသည်။   

 

မြန်မာ့အလင်း