နယူးယောက် ဇွန် ၇

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မတ်လအတွင်းက ဝယ်ယူခဲ့သည့် တက်စလာကားကို ရောင်းချရန် အစီအစဉ်ရှိသည်ဟု ဇွန် ၆ ရက်က နယူးယောက် တိုင်းမ်စ်သတင်းစာတွင် ဖော်ပြထားသည်။

 

ထရမ့်သည် မူလက အီလွန်မက်စ်ကို ထောက်ခံကြောင်း ပြသရန် အဆိုပါကားကို ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု နယူးယောက် တိုင်းမ်စ်တွင် ဖော်ပြထားသည်။ အီလွန်မက်စ်က ထရမ့်နှင့် ကတောက်ကဆတ်ဖြစ်ပွားမှုကို အရှိန်လျှော့ချလိုကြောင်း လမ်းဖွင့်ပေးသည့်အခါတွင်မူ ထရမ့်က အီလွန်မက်စ်နှင့် ထိတွေ့ဆက်ဆံရန် စိတ်ဝင်စားမှု အနည်းငယ်သာရှိတော့ကြောင်း အုပ်ချုပ်ရေး တာဝန်ရှိသူများကပြောသည်။

 

ဇွန် ၅ ရက်နှောင်းပိုင်းက နာဆာမှ အာကာသယာဉ်မှူးများနှင့် နိုင်ငံတကာအာကာသစခန်းသို့ ထောက်ပံ့ရေး ပစ္စည်းများ ပို့ဆောင်ပေးနေသည့် SpaceX ၏ ဒရက်ဂွန် အာကာသယာဉ်အား ချက်ချင်းရပ်ဆိုင်းရန် ခြိမ်းခြောက် မှုကို အီလွန်မက်စ်က ပြန်လည်ရုပ်သိမ်းခဲ့သည်။ အီလွန်မက်စ်အတွက် ကာလရှည်ကြာ ထရမ့် နှင့် အဆင်မပြေ ဖြစ်နေခြင်းသည် ကုန်ကျစရိတ်ကြီးမားလိမ့်မည်ဟု ဖော်ပြထားသည်။

 

SpaceX အပါအဝင် ၎င်း၏ကုမ္ပဏီများသည် အစိုးရစာချုပ်များတွင် ဒေါ်လာဘီလီယံပေါင်းများစွာ အကျိုးအမြတ် ရရှိခဲ့သည်။ အဆိုပါ စာချုပ်များကို အဆုံးသတ်ရန် ထရမ့်က ဇွန် ၅ ရက်က ခြိမ်းခြောက်ခဲ့သည်။ အီလွန်မက်စ်နှင့် အဆင်မပြေမှုသည် ထရမ့်အတွက်လည်း အန္တရာယ်များကြောင်း ဖော်ပြထားသည်။

 

၂၀၂၄ ခုနှစ် ရွေးကောက်ပွဲတွင် ထရမ့်ကို ကူညီရန် အီလွန်မက်စ်က အမေရိကန်ဒေါ်လာ ၂၇၅ သန်း သုံးစွဲခဲ့သည်။

 

ဆင်ဟွာ