ဝါရှင်တန် မေ ၂၁

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အီရန်တာဝန်ရှိပုဂ္ဂိုလ်များကြား အချေအတင်ဖြစ်နေသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး အီရန်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုများကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့ဝင်များက မေ ၂၁ ရက်တွင် လွှတ်တော်သို့ရှင်းပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအို၊ ယာယီကာကွယ်ရေးဝန်ကြီး ပက်ထရစ်ရှာနာဟန်၊ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂျိုးဆက်ဖ် ဒန်ဖို့ဒ်နှင့် အမည်မဖော်လိုသူ ထောက် လှမ်းရေးအသိုင်းအဝိုင်းမှ တာဝန်ရှိသူတစ်ဦးတို့က အီရန်အရေးနှင့်ပတ်သက်ပြီး လွှတ်တော်အမတ်များကို ရှင်းလင်းပြောကြားသွားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်နှင့် တိုက်ခိုက်လျှင် အီရန် အဆုံးသတ်သွားမည်ဖြစ်ကြောင်း နှင့် နောက်ထပ်ဘယ်တော့မှ မခြိမ်းခြောက်ပါနှင့်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေ ၁၉ ရက်က တွစ်တာတွင် ပြောကြားပြီးနောက် အီရန်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် အီရန်နိုင်ငံကို ခြိမ်းခြောက်နေမည့်အစား အလေးဂရုပြုရန် ကြိုးစားသင့်ကြောင်း အီရန်နိုင်ငံခြား ရေးဝန်ကြီး မိုဟာမက် ဂျာဗတ်ဇာရစ်ဖ်က မေ ၂၀ ရက်က တုံ့ပြန်ပြောကြားလိုက် သည်။

အမေရိကန်နှင့်အီရန်ကြား အပြန်အလှန်ထိုးနှက်ပြောဆိုနေစဉ် ယူရေနီယံ သန့်စင်စွမ်းရည်ကို လေးဆတိုးထားကြောင်း အီရန်က မေ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ ၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူညီချက်တွင် ဖော်ပြထားသည့်အတိုင်း လက်နက်ထုတ်လုပ်နိုင်သည့်အဆင့်နှင့် အလှမ်းဝေးသည့် အရပ်ဘက်သုံး စွမ်းအင်အတွက် ယူရေနီယံသန့်စင်မှု လုပ်သွားမည်ဖြစ်ကြောင်း အီရန်တာဝန်ရှိသူများက ယခင်က ပြောကြားခဲ့ကြောင်းလည်း သိရသည်။

လွန်ခဲ့သည့်သီတင်းပတ်က ဆော်ဒီ အာရေဗျ ရေနံတွင်းနှစ်တွင်းကို တိုက်ခိုက်ခဲ့မှု၊ အစောပိုင်းက ရေနံတင်သင်္ဘော လေးစင်းကို အဖျက်အမှောင့်လုပ်ရပ်များလုပ်မှု၊ ယင်းကိစ္စများအတွက် အီရန်တွင် တာဝန်ရှိသည်ဆိုသည့် သဘောမျိုး အမေရိကန်တာဝန်ရှိသူများက အရိပ်အမြွက် ပြောကြားခဲ့ပြီးနောက်ပိုင်းတွင် အမေရိကန် ထိပ်တန်းအရာရှိများအနေဖြင့် လွှတ်တော်အမတ်များကို ယခုလို ရှင်းပြရန် ဖြစ်လာကြောင်း သိရသည်။

အေအက်ဖ်ပီ