တီဟီရန် ၂၂ စက်တင်ဘာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ဗဟိုဘဏ်နှင့် အဖွဲ့အစည်းသုံးခုကို ပိတ်ဆို့အရေးယူမည့် စာရင်းထဲထည့်သွင်းလိုက်ကြောင်း စက်တင်ဘာ ၂၀ ရက်က ကြေညာလိုက်သည်။

ထိုသို့ ပြုလုပ်လိုက်ခြင်းဖြင့် အီရန်နိုင်ငံအပေါ် အမေရိကန်က စီးပွားရေးဖိအားပေးမှု ထပ်မံတိုးမြှင့်လိုက်ခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပိတ်ဆို့အရေးယူမှုများသည် အောင်မြင်နေကြောင်း၊ စစ်ရေးအရ အရေးယူ ဆောင်ရွက်မှုများသည် အလုပ်ဖြစ်နိုင်သော်လည်း ပိတ်ဆို့ အရေးယူမှုသည်လည်း အနိုင်ရရန် ကောင်းမွန်သည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း အိမ်ဖြူတော်တွင် ရောက်ရှိနေသော ဩစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ပြောကြားခဲ့သည်။

ထို့အတူ အမေရိကန်နိုင်ငံက အီရန်နိုင်ငံ၏ ငွေကြေးအရင်းအမြစ်အားလုံးကို ဖြတ်တောက်ခဲ့ပြီး ဖြစ်ကြောင်းလည်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက ပြောကြားလိုက်သည်။

လွန်ခဲ့သည့် သီတင်းပတ်က ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် ရေနံစက်ရုံများ တိုက်ခိုက်ခံရပြီးနောက် ယခုလို အရေးယူပိတ်ဆို့မှုများကို ချမှတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုများကို အီရန်နိုင်ငံက လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောကြားခဲ့သော်လည်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ငြင်းဆိုထားသည်။

မှားယွင်းသည့်လုပ်ရပ်များက ၎င်းတို့အတွက် အချိန်သိပ်ရှိမည်မဟုတ်ကြောင်းကို သူတို့ မကြာခင် သိလာလိမ့်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးပြောကြားခဲ့သည်။

အီရန်နိုင်ငံအပေါ် ဖြစ်နိုင်သည့် လေကြောင်းတိုက်ခိုက်ရေး၊ အမေရိကန်တပ်ဖွဲ့များ အရှေ့အလယ်ပိုင်းတွင် တိုးမြှင့်ချထားရေး၊ အီရန်၏စီးပွားရေးကို ချည့်နဲ့အောင်လုပ်ဆောင်ရေး စသည့် အရေးယူဒဏ်ခတ်ခြင်းများတွင် ယခုကဲ့သို့ ပိတ်ဆို့အရေးယူမှုကို ရွေးချယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သမ္မတထရမ့်က ပြောသည်။

သို့သော်လည်း အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗစ်ဇာရစ်ဖ်က အမေရိကန် သို့မဟုတ် ဆော်ဒီနိုင်ငံတို့က စစ်ရေးအရ တိုက်ခိုက်လာမည်ဆိုပါက အီရန်အနေဖြင့် လုံးဝ သည်းခံနေမည် မဟုတ်ကြောင်းနှင့် စစ်ပွဲတစ်ရပ်ဆင်နွှဲသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားထားသည်။

အေအက်ဖ်ပီ