အီရန်၏ ဒုံးကျည်နှစ်စင်း ထိမှန်မှုကြောင့် ယူကရိန်းလေယာဉ်ပျက်ကျခဲ့ကြောင်း အတည်ပြု

တီဟီရန် ၂၂ ဇန်နဝါရီ  

ယခုလအတွင်း လူ ၁၇၆ ဦးကို အသက်ဆုံးရှုံးစေခဲ့သည့် ယူကရိန်း ခရီးသည်တင်လေယာဉ် ပျက်ကျမှုတွင် အဆိုပါ ပျက်ကျလေယာဉ်မှာ အီရန်စစ်တပ်၏ ဒုံးကျည်နှစ်စင်း ထိမှန်ခံခဲ့ရကြောင်း အီရန်က အတည်ပြုပြောကြားခဲ့သည်။

ပျက်ကျလေယာဉ်မှ ဘလက်ဘောက်စ်ကို စစ်ဆေးရန်အတွက် ပြင်သစ်နိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတို့မှ နည်းပညာဆိုင်ရာ အကူအညီတောင်းခံခဲ့ပြီး နောက်တွင် အပြုသဘောဆောင်သည့် တုံ့ပြန်မှုကို လက်ခံမည်ဖြစ်ကြောင်း အီရန်ပြည်တွင်းလေကြောင်း အာဏာပိုင်အဖွဲ့ အစည်းက ပြောကြားခဲ့သည်။

ယူကရိန်း ခရီးသည်တင် လေယာဉ်သည် ဇန်နဝါရီ ၈ ရက်က တီဟီရန်ရှိ အီမန်ခိုမေနီ နိုင်ငံတကာ လေဆိပ်မှ ပျံသန်းထွက်ခွာလာခဲ့ပြီးနောက် အီရန်၏ Tor-M1 ဒုံးကျည် နှစ်စင်းဖြင့် လေယာဉ်ပစ်ချခံခဲ့ရကြောင်း စုံစမ်းစစ်ဆေးသူများက စစ်ဆေးတွေ့ရှိခဲ့သည်ဟု အီရန်လေကြောင်း အာဏာပိုင်အဖွဲ့က ၎င်း၏ ဝက်ဘ်ဆိုက်တွင် ယမန်နေ့က ရေးသားဖော်ပြခဲ့သည်။

Tor-M1 ဒုံးကျည်သည် ရုရှားလုပ် မြေပြင်မှ ဝေဟင်တာတိုပစ် ဒုံးကျည်ဖြစ်ပြီး လေယာဉ်နှင့် ခရုဇ်ဒုံးကျည်များကို ပစ်မှတ်ထား တိုက်ခိုက်ရန် ဖန်တီးထုတ်လုပ်ထားခြင်းဖြစ်သည်။ လေယာဉ်ပစ်ချခဲ့မှုတွင် အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ လေကြောင်းတပ်မှူး ဗိုလ်ချုပ်ကြီး အမီရာလီ ဟာဂျီဇာဒက်က ၎င်းကိုပေးအပ်သည့် အပြစ်ကို အပြည့်အဝ ခံယူမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၁ ရက်က ပြောကြားခဲ့သည်။

အေအက်ဖ်ပီ