ဝါရှင်တန် ၁၀ မေ
မည်သည့်နိုင်ငံမဆို အမေရိကန်ပြည်ထောင်စု၏ အကျိုးစီးပွားများအပေါ် တိုက်ခိုက်မှုများ ပြုလုပ်ရန် ခြိမ်းခြောက်သည့်နိုင်ငံသည် အမေရိကန်ပြည်ထောင်စု၏ လက်တုံ့ပြန်မှုကို ခံရမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အီရန်နိုင်ငံကို မေ ၁၀ ရက်တွင် သတိပေးလိုက်သည်။
တစ်ဆက်တည်းမှာပင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက အီရန်နိုင်ငံသည် မကြာသေးမီ သီတင်းပတ်များမှစ၍ တင်းမာမှုများ အရှိန်မြင့်မားအောင် ခြိမ်းခြောက်သည့် လုပ်ရပ်များနှင့် ထုတ်ပြန်ကြေညာချက်များတွင် ပါဝင်ပတ်သက်နေကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမေရိကန်၏အကျိုးစီးပွားများ သို့မဟုတ် အမေရိကန်ပြည်သူများအပေါ် တိုက်ခိုက်သူများသည် မြန်ဆန်ပြီး တိကျပြတ်သားသော အမေရိကန်၏လက်တုံ့ပြန်မှု ရလဒ်ကိုသာ ရရှိသွားမည်ကို အီရန်အနေဖြင့် နားလည် သဘောပေါက်သင့်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်က သတိပေးလိုက်ခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသည် ဂရင်းလန်းကျွန်းသို့ သွားရောက်လည်ပတ်ရန် စီစဉ်ထားသော်လည်း အီရန်နိုင်ငံနှင့် တင်းမာမှု အရှိန်မြင့်မားနေမှုကြောင့် ၎င်း၏ခရီးစဉ်ကို ပြန်လည်ဖျက်သိမ်းခဲ့ရသည်ဟု ဒေသဆိုင်ရာ မီဒီယာက နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ အဆိုကို ကိုးကားဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စုသည် အီရန်နိုင်ငံ၏ လုပ်ရပ်များနှင့်ပတ်သက်ပြီး စီးပွားရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုများ၊ နာမည်ပျက်အဖြစ် ရွေးချယ်သတ်မှတ်မှုများနှင့် စစ်ရေးအရ ခြိမ်းခြောက်မှုများနှင့်အတူ မကြာသေးမီ ရက်များမှစပြီး အီရန်အပေါ် ဖိအားပေးမှု အရှိန်တိုးမြှင့်လာခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် ၂၀၁၅ ခုနှစ်က လက်မှတ်ရေးထိုးထားသည့် အီရန်နျူကလီးယား သဘောတူစာချုပ်မှ ၂၀၁၈ ခုနှစ် မေ ၈ ရက်တွင် နုတ်ထွက်ခဲ့ပြီး တစ်နှစ်ပြည့်သည့်နေ့ မေ ၈ ရက်မှာပင် အီရန်နိုင်ငံ၏ ကုန်ပစ္စည်းတင်ပို့မှုမှ ဝင်ငွေရရှိမှုကို ပိတ်ပင်သွားရန် ရည်ရွယ်ပြီး အီရန်နိုင်ငံ၏ သံ၊ သံမဏိ၊ အလူမီနီယံ၊ ကြေးနီ အစရှိသည့် ကဏ္ဍများတွင် အရေးယူပိတ်ဆို့မှုအသစ် ချမှတ်ခဲ့သည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-ဂျေတီ