အီရန်၏ ယူရေနီယမ် ထုတ်လုပ်မှု တိုးမြှင့်ခြင်း ပြန်လည်လုပ်ဆောင်မှုကို အမေရိကန် ပြစ်တင်ဝေဖန်

၆ နိုဝင်ဘာ

 

အီရန်နိုင်ငံ အလယ်ပိုင်းရှိ နျူကလီးယား စက်ရုံတစ်ရုံတွင် ယူရေနီယမ် တိုးမြှင့်ခြင်း ပြန်လည် လုပ်ဆောင်ရန်ဟူသော အီရန်နိုင်ငံ၏ ဆုံးဖြတ်ချက်သည် လမ်းကြောင်းမှားပေါ်တွင် ကြီးမားသော ခြေလှမ်းလှမ်းခြင်းဖြစ်ကြောင်း အမေရိကန်အစိုးရက ပြစ်တင်ဝေဖန်ခဲ့သည်။

 

ကမ္ဘာ့အင်အားကြီး နိုင်ငံများနှင့် ၂၀၁၅ နျူကလီးယား စာချုပ်ပါ သဘောတူညီချက်များကို မလိုက်နာတော့ပဲ Fordow နျူကလီးယားစက်ရုံက ဗဟိုခွာစက်တွေထဲ ဓါတ်ငွေ့များ ဖြည့်သွင်းတော့မည်ဖြစ်ကြောင်း အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီ က ယမန်နေ့က ကြေညာခဲ့သည်။

 

ယင်းသို့ သမ္မတ ရိုဟာနီ ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်ဂန်  က သတင်းထုတ်ပြန်ခဲ့သည်။

 

အဓိက နျူကလီးယား ကတိကဝတ်များကို မလိုက်နာသော ယူရေနီယမ် ထုတ်လုပ်မှု တိုးမြှင့်ခြင်းသည် မှားယွင်းသော လမ်းကြောင်းတွင် ကြီးမားသော ခြေလှမ်းလှမ်းခြင်း ဖြစ်ကြောင်း အမေရိကန်နိုင်ငံက ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည်ဟု မော်ဂန်က ဆိုသည်။

 

မတည်မငြိမ် ဖြစ်စေသည့် အပြုအမူများကို စွန့်လွှတ်သည်အထိ အီရန်အစိုးရအပေါ် အမြင့်ဆုံး ဖိအားပေးမှုကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နိုင်ငံ ခေါင်းဆောင်ချုပ် အယာတိုလာ အလီခါမေနီနှင့် နီးစပ်သူ ကိုးဦးကို စီးပွားရေး ပိတ်ဆို့မှုများ ချမှတ်မည်ဖြစ်ကြောင်း  ပြီးခဲ့သည့် တနင်္လာနေ့က ပြောကြားခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို