အီရင်ဘရိုကိုဗစ်ချ်အကြောင်း

လင်္ကာရည်ကျော်

 

အီရင်ဘရိုကိုဗစ်ချ် (ERIN BROCKOVICH)ကို ဟောလိဝုဒ်ရုပ်ရှင်ကြိုက် မြန်မာပရိသတ် သိပ်စိမ်းမည်မထင်။ Pretty Woman နှင့် မြန်မာပရိသတ် အသည်းစွဲဖြစ်ခဲ့ရသော မင်းသမီး ဂျူလီယာရောဘတ်ကို သက်ကြီးပိုင်းကျမှ အော်စကာဆု ရရှိစေခဲ့သော ဇာတ်ကားအမည်ဖြစ်နေ၍ ဖြစ်သည်။ အီရင် အပြင်မှာတကယ်ရှိကြောင်း တကယ့်အဖြစ်အပျက်မှန်ကို ရိုက်ထားတာ ဖြစ်ကြောင်းလည်း အားလုံးသိကြသည်။ အီရင်ကိုယ်တိုင် အဲသည်ဇာတ်ကားမှာ မထင်မရှား အခန်းကနေ အမှတ်တရ ပါဝင်ခဲ့ကြောင်းတောင် သိသူတွေသိကြသည်။

ဆုပေါင်းများစွာရခဲ့
မသိကြတာက အီရင်ဘရိုကိုဗစ်ချ်လို အလှမယ်ဟောင်း၊ အနုပညာဘွဲ့ရ ကေမတ်ဆိုသည့် စူပါမားကက်မှာ အလုပ်လုပ်ခဲ့ သည့် မိန်းကလေးအကြောင်းကို စတီဗင်ဆိုဒါဘတ်လို ကမ္ဘာ့ထိပ်တန်း ဒါရိုက်တာကြီးက ရုပ်ရှင်ရိုက်ချင်ခဲ့ပြီး ဂျူလီယာရောဘတ်လို ကမ္ဘာ့ထိပ်တန်း ရုပ်ရှင်မင်းသမီးကြီးက သရုပ်ဆောင်ချင်ခဲ့ရသလဲ ဆိုတာကိုပါ။

တကယ်တော့ ဂျူလီယာရောဘတ်သည် အော်စကာသာမက အဲဒီဇာတ်ကားကြောင့် ရုပ်ရှင်ဆိုင်ရာ ထိပ်တန်းဆု ခြောက်ဆု တစ်ကားတည်းဖြင့်ရခဲ့သည့် ပထမဦးဆုံး မင်းသမီးတောင် ဖြစ်ခဲ့ရတာဆိုတော့ ဂျူလီယာ ရောဘတ်၏ပြယုဂ်က အီရင်ကြောင့် ပိုကြီးမားခဲ့ရသည်ဟုပင် ဆိုနိုင်သည်။

အီရင်၏အောင်မြင်မှုတွေက အဲဒီ ရုပ်ရှင်တစ်ခုတည်းသာ မဟုတ်သေး။ ဥပဒေပါရဂူဘွဲ့ကို ဂုဏ်ထူးဆောင်အဖြစ် ချီးမြှင့် ခံခဲ့ရသည်။ ဝိဇ္ဇာပါရဂူဘွဲ့တစ်ခုနှင့် လုပ်ငန်းခွင် ဆက်ဆံရေး မဟာဘွဲ့တစ်ခု ရခဲ့သေးသည်။ သူ့အကြောင်း စာအုပ်က တစ်အုပ်၊ ရုပ်ရှင်က တစ်ကား။ ရုပ်ရှင်က ဆုပေါင်းများစွာရခဲ့သည့်အပြင် ဒေါ်လာသန်းနှစ်ရာကျော် ငွေဝင်ခဲ့သည်။

သည်တော့ အီရင်ဆိုတာ ဘယ်လိုမိန်းကလေးလဲဆိုတာ တော်တော်တော့ စိတ်ဝင်စားစရာကောင်းသည်။

အချက်အလက်စုဆောင်းပေး
တကယ်တော့ အီရင်က ဥပဒေပညာရှင်မဟုတ်၊ ရှေ့နေတွေစုဖွင့်ထားသည့် ဥပဒေအကျိုးဆောင် လုပ်ငန်းတစ်ခုမှ စာရေးသာ ဖြစ်သည်။

သူလုပ်နေသည့် ဥပဒေအကျိုးဆောင်လုပ်ငန်းက သယံဇာတနှင့် ပတ်ဝန်းကျင်ကို ထိခိုက်နစ်နာစေခြင်းကြောင့် လူသားတို့၏ ကျန်းမာရေးနှင့် အသက်အိုးအိမ် စည်းစိမ်တို့ကို ထိခိုက်နစ်နာစေသော ကိစ္စတွေကို ပြုလုပ်သည့် လုပ်ငန်းကြီးတွေကို တရားစွဲသည်။ အီရင်က စုံစမ်းဖော်ထုတ်၍ အချက်အလက် စုဆောင်းပေးခြင်းဖြင့် ကူညီသည်။

နာမည်အကြီးဆုံး အမှုကတော့ ပစိဖိတ် သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်ကုမ္ပဏီကို တရားစွဲခဲ့သည့် အမှုပေါ့။ အဲသည်အချိန်က အီရင် အသက်သုံးဆယ်ကျော်ရုံကလေး ရှိသေးသည်။ ကလေးသုံးယောက်ကို တစ်ကိုယ်တော် တာဝန်ယူထားရသည့် Single mother  ဖြစ်သည်။ ဥပဒေအကျိုးဆောင်လုပ်ငန်းမှာ အလုပ်ရတာကိုက အလုပ်လက်မဲ့ဘဝမှာ ဒုက္ခရောက်နေ တုန်း ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရ၊ တိုက်သူကို တရားစွဲ၊ တရားရုံးမှာ သူ့ပြောပုံ ဆိုပုံတွေကြောင့် နိုင်ရမည့် အမှုရှုံးခဲ့ရာမှ သူ့ဘက်က လိုက်ပေးသည့်ရှေ့နေက သူ့ကိုစောင့်ရှောက်သည့် အနေဖြင့် မခန့်ချင် ခန့်ချင် ခန့်ခဲ့ရတာ ဖြစ်သည်။

အကန့်အသတ်ရှိ
ပစိဖိတ်ကုမ္ပဏီနှင့် တရားရင်ဆိုင်ခဲ့ရသော အခါတွင်တော့ အီရင်က စက်ရုံမှထွက်သည့် ကင်ဆာဖြစ်စေသော ခရိုမီယမ် သတ္တုဓာတ်တွေကြောင့် ပတ်ဝန်းကျင်လူထုထဲမှာ ကင်ဆာဖြစ်နှုန်းများနေတာကို သက်သေပြနိုင်ခဲ့သည်။ အင်အားကြီးသူ တွေက ပါဝါမျိုးစုံ သုံးခဲ့သော်လည်း အသက် ၃၃ နှစ်အရွယ် ကလေးသုံးယောက်အမေ Single mother လေးက အနိုင်ရ သွားခဲ့သည်။ အမေရိကန်တရားခွင်မှာ စံချိန်တင်ပမာဏဖြစ်သော လျော်ကြေးငွေ ဒေါ်လာ ၃၃၃ သန်းကို နစ်နာသူတွေ ရခဲ့ကြသည်။ အီရင်အလုပ်လုပ်သော ဥပဒေအကျိုးဆောင်လုပ်ငန်းက ၁၃၃ ဒသမ ၆ သန်းရသည်။ အီရင်ကို သူ့ဆရာက သူရသင့်သည်ထင်သော ငွေပမာဏကိုရေး၍ တောင်းခိုင်းခဲ့သော်လည်း လက်တွေ့မှာ အီရင်တောင်းတာ နည်းလွန်းသည်ဟု ဆိုကာ ဒေါ်လာနှစ်သန်းခွဲအထိ တိုး၍ ပေးခဲ့လေသည်။

အီရင်၏ ဘဝကိုလေ့လာကြည့်ရင်းက ကျွန်တော် တွေးမိတာတွေ တော်တော်များများ ရှိသည်။ Single mother တွေဘဝကို အရှုံးမပေးဖို့တို့၊ ရုပ်ကတော့လှရုံနှင့် ဉာဏ်ရည်နှင့် စီမံခန့်ခွဲနိုင်စွမ်းကတော့ သိပ်ရှိမှာမဟုတ်ပါဘူးဟု ဆိုကာ အထင်မသေးဖို့တို့။ ဒါတွေက ထားလိုက်တော့။ လူတိ်ုင်းသဘောပေါက်ပြီးသား ကိစ္စတွေဖြစ်သည်။ ပတ်ဝန်းကျင်နှင့် ပြည်သူလူထုကို ထိခိုက်နစ်နာစေသော အင်အားကြီးမားသည့် ကုမ္ပဏီတွေ၊ လုပ်ငန်းကြီးတွေအကြောင်းက စိတ်ဝင်စားစရာ ကောင်းလှသည်။

အမေရိကန်နိုင်ငံလို ဒီမိုကရေစီ ဘိုးအေနိုင်ငံကြီးမှာတောင် ရှိနေခဲ့တာလေ။ အီရင်ရင်ဆိုင်ခဲ့တာ တကယ်တော့ ပစိဖိတ် ကုမ္ပဏီတစ်ခုတည်း မဟုတ်။ ယခုထက်တိုင် အမြောက်အမြား ရင်ဆိုင်ခဲ့ပြီးဖြစ်ကာ အနည်းဆုံး ခုနစ်ခုလောက်က ပစိဖိတ်အမှုလောက် ကြီးမားသည်။ဆိုလိုတာက စီးပွားရေးသမားကတော့ စီးပွားရေးသမားပဲ ဖြစ်သည်။ သူ့ကို လာရင်မဆိုင်လျှင် သူကတော့ သူအမြတ်အစွန်း ရရေးအတွက် အများကို မငဲ့ကွက်ဘဲ လုပ်မှာဖြစ်သည်။

စခွင့်ပြုခဲ့တုန်းက ကိုယ်မဟုတ်ဘူးဆိုတာနှင့်လည်း လွှဲချ၍မရ။ အများပြည်သူ အသက်အိုးအိမ် စည်းစိမ်ထိပါးမှုရှိလျှင် ဘယ်လိုစခဲ့စခဲ့ ရပ်ရမည်။ ရပ်အောင်ကြိုးစားရမည်။ အစိုးရတစ်ရပ်ရပ်ကချည်းပဲ လုပ်နေ၍မရ။ အစိုးရတွေမှာလည်း အစိုးရအလျောက် သိနိုင်တာ အကန့်အသတ်ရှိသည်။ လုပ်နိုင်တာ အကန့်အသတ်ရှိသည်။

ကူညီသင့်
တချို့ကလည်း လူကြီးတွေသိအောင် စာရေးပြောကြတာ တော်တော်အားသန်သည်။ လူကြီးတွေ တစ်နေ့တစ်နေ့ဖတ်ရသော စာပမာဏကိုသာ သိရလျှင် ရေးချင်တော့မှာမဟုတ်။

ပြည်သူတွေထဲမှာလည်း ကျွမ်းကျင်ပညာရှင်တွေ ရှိသည်။ လေ့လာစူးစမ်း အားကောင်းသူတွေ ရှိသည်။ လေ့လာသိရှိသမျှကို ဖေ့စ်ဘွတ်ပေါ်တင်ရုံမျှနှင့် ကျေနပ်မနေသင့်။ နစ်နာသူတွေနှင့် သွားဆွေးနွေးပြီး သူတို့ဘက်က အမှန်တရား ပြန်ရအောင် ကူညီသင့်သည်။

ဆန္ဒပြပွဲတွေကလည်း ဖေ့စ်ဘွတ်တင်တာနှင့် သိပ်မထူးဘူးဟု ကျွန်တော်ထင်သည်။

ဆိုလိုတာက အီရင်ဘရိုကိုဗစ်ချ်တွေ ပေါ်လာဖို့ လိုသည်။

ပေါ်လည်း ပေါ်လာလိမ့်မည်ဟု ကျွန်တော်ယုံကြည်သည်။