တီဟီရန် ဇွန် ၁၄
အီရန်တပ်မတော်သည် အစ္စရေးနိုင်ငံကို ပဲ့ထိန်းဒုံးကျည်များဖြင့် လက်တုံ့ပြန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် နှစ်နိုင်ငံစလုံးတွင် သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ကြောင်း အင်န်အိတ်ချ်ကေ သတင်းတွင် ဖော်ပြသည်။
အစ္စရေးလေတပ်စခန်းများနှင့် အခြားစစ်ဘက်နေရာများကို အီရန်က ဇွန် ၁၄ ရက်တွင် ပဲ့ထိန်းဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုများတွင် ပစ်မှတ်ဒါဇင်နှင့်ချီ ထိမှန်ခဲ့ကြောင်း အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့က ပြောကြားသည်။ တဲလ်အဗီးမြို့ပေါ်နှင့် ဆင်ခြေဖုံးများတွင် တိုက်ခိုက်မှုများ ကြောင့် တစ်ဦးသေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိကြောင်း အစ္စရေးမီဒီယာက ဖော်ပြသည်။
သို့သော် အီရန်သည် ဒုံးကျည် ၁၀၀ အောက်သာ ပစ်လွှတ်ခဲ့ကြောင်း၊ အများစုကို အစ္စရေးတပ်မတော် က ပစ်မှတ်များ မရောက်မီ ကြားဖြတ်ပစ်ချဟန့်တားခဲ့ကြောင်း ပြောကြားသည်။ အစ္စရေးသည် ဇွန် ၁၃ ရက်က အီရန်ရှိ နျူကလီးယားစက်ရုံများအပါအဝင် ပစ်မှတ် ၁၀၀ ကျော်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၇၈ ဦး သေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု သတင်းများကဖော်ပြသည်။ အဆိုပါတိုက်ခိုက်မှုကို အီရန်က လက်တုံ့ပြန် တိုက်ခိုက်ခြင်းဖြစ်သည်။
နျူကလီးယားစက်ရုံအတွင်း ရေဒီယိုသတ္တိများရှိနိုင်ကြောင်း အီရန်အစိုးရပိုင် ရုပ်မြင်သံကြားက ဖော်ပြခဲ့သော်လည်း အပြည်ပြည်ဆိုင်ရာအဏုမြူ စွမ်းအင်အေဂျင်စီ အရာရှိများက စက်ရုံပြင်ပ၌ ရေဒီယို သတ္တိကြွမှုအဆင့်များ မြင့်တက်မလာကြောင်း ပြောကြားသည်။ သို့သော်လည်းအခြေအနေကို ဆက်လက် စောင့်ကြည့်သွားမည်ဟု သိရသည်။
အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ ညွှန်ကြားရေးမှူးချုပ် ရာဖေးလ်ဂရိုစီက လူနှင့်ပတ်ဝန်းကျင်ကိုပါ ထိခိုက်နိုင်စေနိုင်သဖြင့် မည်သည့်အခြေအနေတွင်မဆို နျူကလီးယားစက်ရုံများကို တိုက်ခိုက်မှု မပြုလုပ်သင့်ကြောင်း ပြောကြားသည်။
အီရန်ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီက အစ္စရေးကစတင်ခဲ့သည့် တိုက်ခိုက်မှုများကို ရာဇ၀တ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း ပြောကြားလိုက်ပြီး လက်စားချေသွားမည်ဟု တုံ့ပြန်ထားသည်။
အင်န်အိတ်ချ်ကေ