အီရန်က အိန္ဒိယသမုဒ္ဒရာ၌ စစ်ရေးလေ့ကျင့်စဉ် ပြည်တွင်းဖြစ်ဒုံးကျည် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်

တီဟီရန် ၁၈ ဇွန်

 

အီရန်ရေတပ်သည် အိန္ဒိယသမုဒ္ဒရာ၏ မြောက်ဘက် ဒေသအစိတ်အပိုင်းများ၌ ရေတပ်ဆိုင်ရာ စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့ရာ အဆိုပါ စစ်ရေးလေ့ကျင့်မှု အတောအတွင်း ပြည်တွင်းဖြစ် ခရုဇ်ဒုံးကျည်အသစ်များကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း အီရန်အခြေစိုက် တာ့စ်နိမ်သတင်းအေဂျင်စီက ယနေ့ ဖော်ပြထားသည်။

 

အီရန်ရေတပ်သည် အီရန်ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်လုပ်သော တာတိုနှင့် တာဝေးပစ် ခရုဇ်ဒုံးကျည်သစ်များကို အိန္ဒိယသမုဒ္ဒရာ၌ စစ်ရေးလေ့ကျင့်မှုပြုလုပ်စဉ် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။

 

အီရန်ရေတပ်သည် ကမ်းရိုးတန်းမှ ရေပြင်နှင့် ရေပြင်မှ ကမ်းရိုးတန်းသို့ အပြန်အလှန် ပစ်ခတ်နိုင်စွမ်းရှိသည့် ပြည်တွင်းဖြစ် တာတိုနှင့် တာဝေးပစ် ခရုဇ်ဒုံးကျည်အမျိုးမျိုးကို အီရန်ရေတပ်၏ သင်္ဘောကုန်းပတ်ပေါ်နှင့် ကမ်းရိုးတန်းရှိ လောင်ချာများမှတစ်ဆင့် အသီးသီးစမ်းသပ်ပစ်လွှတ်ခဲ့ပြီး သတ်မှတ်ထားသော ပစ်မှတ်များကို တိကျရောက်စွာ ထိမှန်ခဲ့ကြောင်း သိရသည်။

 

အီရန်၏ ပြည်တွင်းဖြစ် ဒုံးကျည်သစ်များသည် ကီလိုမီတာ ၂၈၀ ခန့်အကွာရှိ ပစ်မှတ်များကို အောင်မြင်စွာ ထိမှန်နိုင်ခဲ့ခြင်းဖြစ်ကြာင်း သိရသည်။ 

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ