အီရန်၊ မေ ၂၀
အီရန်နိုင်ငံ အနောက်မြောက်ပိုင်း အရှေ့အဇာဘိုင်ဂျန်ပြည်နယ်၌ မေ ၁၉ ရက်က ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သမ္မတအီဘရာဟင်ရိုင်စီ သေဆုံးသွားကြောင်း အီရန်အစိုးရပိုင်မီဒီယာက ယနေ့ပြောကြားခဲ့သည်ဟု အင်န်အိတ်ချ်ကေ သတင်းအရသိရသည်။ ထို့ပြင် ယခုဖြစ်စဉ်တွင် နိုင်ငံခြားရေးဝန်ကြီး ဟူစိန်အန်မာ အဒိုလာဟင် အပါအဝင် ရဟတ်ယာဉ်ပေါ်စီးနင်းသူ အားလုံးသေဆုံးခဲ့သည်။
ရိုင်စီနှင့် အဒိုလာဟင်တို့သည် အဇာဘိုင်ဂျန်နိုင်ငံနှင့် နယ်စပ်အနီးရှိ ရေကာတာစီမံကိန်းကို စစ်ဆေးသည့် ခရီးစဉ်အတွက် ယင်းပြည်နယ်သို့ ခရီးသွားခဲ့ခြင်းဖြစ်သည်။ အီရန်အသံလွှင့်ဌာနက ရိုင်စီနှင့် တာဝန်ရှိသူများ ဆည်ကိုစစ်ဆေးနေသည့် ဗီဒီယိုဖိုင်ကို ပြသခဲ့သည်။
ယင်းပျက်ကျမှုအပြီးတွင် ကယ်ဆယ်ရေးသမားများသည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၅၀၀ ကျော် မြင့်သော အခင်းဖြစ်ပွားရာ တောင်တန်းဒေသတစ်ခုတွင် ညလုံးပေါက် ရှာဖွေခဲ့ကြောင်းနှင့် ရှာဖွေရေး အဖွဲ့များသည် ဆိုးရွားသော ရာသီဥတုဒဏ်ကို ရင်ဆိုင်ခဲ့ရကြောင်း အစိုးရ မီဒီယာက ပြောကြားသည်။
အဆိုပါ ရဟတ်ယာဉ်သည် တာဝန်ရှိသူများ ရေကာတာစီမံကိန်းအား စစ်ဆေးအပြီး အပြန်ခရီးတွင် ရာသီဥတု ဆိုးရွားပြီး ဆီးနှင်းများ ထူထပ်စွာကျရောက်နေချိန်တွင် မြေပြင်သို့ဆင်းသက်ရာ၌ မြင်ကွင်းမရှင်းလင်းမှုကြောင့် ပျက်ကျခဲ့ကြောင်းသိရသည်။
အသက်ခြောက်ဆယ့်သုံးနှစ်ရှိ ရိုင်စီသည် ၂၀၂၁ ခုနှစ် ဇွန်လတွင် သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရပြီး ပြည်တွင်းရေးရာမူဝါဒများ၌ သဘောထားတင်းမာသော ရှေးရိုးစွဲဝါဒီတစ်ဦးအဖြစ် လူသိများသည်။ ၎င်းသည် အီရန်ခေါင်းဆောင် ခိုမေနီ၏ နေရာကိုဆက်ခံမည့် ထိပ်တန်းကိုယ်စားလှယ်လောင်းများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံရသည်။
သံတမန်ရေးရာ မျက်နှာစာတွင် ရိုင်စီသည် အနောက်အုပ်စုကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကာ ဂါဇာကမ်းမြောင်နှင့်ပတ်သက်၍ ဟားမတ်စ်ကို ထောက်ခံကြောင်း ပြောကြားခဲ့ပြီး အမေရိကန်က အစ္စရေးကို ကျောထောက်နောက်ခံပြုခြင်းကို ဆန့်ကျင်ခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ