အီရန်နိုင်ငံအရှေ့တောင်ပိုင်း ရေကြီးရေလျှံမှုကြောင့် သုံးဦးထက်မနည်းသေဆုံး

မတ် ၃၀

အီရန်နိုင်ငံအရှေ့တောင်ပိုင်း ကာမန်ပြည်နယ်တွင် မတ်လ ၂၈ ရက်က ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သဖြင့် သုံးဦးထက်မနည်းသေဆုံးခဲ့ကြောင်း အိုင်အာအင်န်အေသတင်းအေဂျင်စီက ယမန်နေ့က ဖော်ပြထားသည်။

အဆိုပါရေကြီးရေလျှံမှုဖြစ်ပွားချိန်တွင် ဆလွန်းကားအတွင်း ပိတ်မိနေသူများ၏ရုပ်အလောင်းများကို မတ်လ ၂၉ ရက်မနက်ပိုင်းကတွေ့ရှိခဲ့ကြောင်း ကာမန်ပြည်နယ်သဘာဝဘေးအန္တရယ်စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဟာမစ်ဆော့ဟာဒက်ရှ်က ပြောကြားခဲ့သည်။

ထိုရေလွှမ်းမိုးမှုကြောင့် ဆလွန်းကားမျောပါမသွားမီ ၎င်းကားအတွင်းတွင် လူငါးဦးရှိသည့်အနက် နှစ်ဦးကို ကားအပြင်ဘက်သို့ဆွဲထုတ်နိုင်ခဲ့သည်ဟု ၎င်းကဆိုသည်။

မတ်လ ၂၈ ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ တံတားများ၊ လယ်မြေများနှင့် နေအိမ်များ ပျက်စီးခဲ့သည်။

အိုင်အာအင်န်အေသတင်းအေဂျင်စီ၏ပြောကြားချက်အရ သည်းထန်စွာရွာသွန်းသောမိုးကြောင့် ဂျေရော့ခရိုင်ရှိ ရေထိန်းနံရံ၏တစ်စိတ်တစ်ပိုင်းပျက်စီးသွားခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို