တီဟီရန် အောက်တိုဘာ ၂၅

 

အီရန်နိုင်ငံသည် ပြည်တွင်း၌ ထုတ်လုပ်သည့် ဓာတ်ငွေ့တာဘိုင်အလုံး ၄၀ ကို ရုရှားနိုင်ငံသို့ တင်ပို့ရောင်းချရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး ခဲ့ကြောင်း  အီရန်နိုင်ငံ ရေနံလုပ်ငန်း ဝန်ကြီးဌာနက  ယမန်နေ့တွင် ပြောကြားသည်။

 

အီရန်နိုင်ငံသည် လက်ရှိအချိန်တွင် ပြည်တွင်းသဘာဝဓာတ်ငွေ့  လိုအပ်ချက်၏ ၈၅ ရာခိုင်နှုန်း  ဖူလုံနေပြီဖြစ်ကြောင်း၊ ထိုကဲ့သို့  ပြည်တွင်းသဘာဝဓာတ်ငွေ့ လိုအပ်ချက်ဖူလုံရေးကို  အမေရိကန်၏  အရေးယူပိတ်ဆို့မှုများကြားမှ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း  အီရန်နိုင်ငံ သဘာဝဓာတ်ငွေ့ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီမှ တာဝန်ရှိသူ ရီဇာနိုရှာဒီက ပြောကြားသည်။

 

အီရန်နှင့် ရုရှားတို့သည် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေးအတွက် ကဏ္ဍပေါင်းများစွာ၌ နှစ်အတန်ကြာ ဆောင်ရွက် နိုင်ခဲ့ကြောင်း သိရသည်။ အီရန်နိုင်ငံ၏ ရေနံလုပ်ငန်းကဏ္ဍတွင် ရုရှားနိုင်ငံက အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံ ရင်းနှီးမြှုပ်နှံရေး သဘောတူစာချုပ်အား ဇူလိုင်လအတွင်းက နှစ်နိုင်ငံအကြား သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခဲ့သည်။

 

ထို့အပြင် နှစ်နိုင်ငံအကြား ရီယယ်နှင့် ရူဘယ်ငွေကြေးများ အပြန်အလှန်သုံးစွဲပြီး နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများ တိုးမြှင့် ရေးဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။  လက်ရှိအချိန်တွင် တိုးတက်လျက်ရှိသည့် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပတ်သက်ပြီး ကျေနပ်အားရမှုရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာ ရောဗ့်က ပြောကြားသည်။

 

ကိုးကား- စီဂျီတီအင်န်

ဘာသာပြန်- စိုးသူရ