ဝါရှင်တန် ၂၆ ဇူလိုင်

အီရန်နိုင်ငံက တာလတ်ပစ်ဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း အမေရိကန် သတင်းမီဒီယာများက အမေရိကန် တာဝန်ရှိသူများ၏ ပြောကြားချက်ကိုကိုးကား၍ ဖော်ပြသည်။

အီရန်နိုင်ငံတောင်ပိုင်းဒေသ၌ ဇူလိုင် ၂၅ ရက်တွင် ရှာဟဘ်ဆဲ-၃ အမျိုးအစား တာလတ်ပစ် ဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း၊ ယင်းဒုံးကျည်သည် ကီလိုမီတာ ၁၁၀ဝ အကွာအဝေးအထိ ပျံသန်းခဲ့ပြီး မြို့တော်တီဟီရန်အနီးတွင် ကျရောက်ခဲ့ကြောင်း၊ ယင်းရှာဟဘ်ဆဲ-၃ အမျိုးအစား ဒုံးကျည်သည်ပုံစံဟောင်း အမျိုးအစားဖြစ်ပြီး မြောက်ကိုရီးယား၏ နိုဒေါင်အမျိုးအစား ဒုံးကျည်အား အခြေခံထားကာ တည်ဆောက်ထားခြင်းဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။

ယင်းဒုံးကျည် စမ်းသပ်ပစ်ခတ်မှုမှာ ဒုံးကျည်၏ ပစ်မှတ်အား တိကျမှန်ကန်စွာ ထိမှန်မှုနှင့် တာဝေးပျံသန်းမှုကို ရည်မှန်းချက်ထား၍ ပြုလုပ်ခြင်းဖြစ်ဖွယ်ရှိကြောင်း အမေရိကန် တာဝန်ရှိသူတစ်ဦးက စီအင်န်အင်န် သတင်းဌာနသို့ ပြောကြားသည်။

အီရန်နိုင်ငံသည် ၎င်း၏ ဒုံးကျည်လက်နက်တိုးတက်ရေး အစီအစဉ်များကို စဉ်ဆက်မပြတ် လုပ်ဆောင်နေခြင်းကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အစိုးရအဖွဲ့က ၎င်းနိုင်ငံအပေါ် ဖိအားပေးမှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

ယင်းသို့ ဒုံးကျည်စမ်းသပ်မှု ပြုလုပ်ခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပါက အမေရိကန်ပြည်ထောင်စုက ဖိအားပေးမှုများ မြှင့်တင်လုပ်ဆောင်သွားမည်ဖြစ်သည်။ ယင်းသို့သံသယရှိဖွယ် ဒုံးကျည်ပစ်ခတ် စမ်းသပ်မှုနှင့်ပတ်သက်၍ အီရန်နိုင်ငံက တရားဝင်ထုတ်ပြန်ကြေညာမှု ပြုလုပ်ခဲ့ခြင်းမရှိကြောင်း သတင်းတွင် ဖော်ပြသည်။

အင်န်အိတ်ချ်ကေ