၁၄ မေ
အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက် ဇာရစ်ဖ် သည် ယမန်နေ့ညနှောင်းပိုင်းက အိန္ဒိယနိုင်ငံ နယူးဒေလီသို့ ရောက်ရှိခဲ့ပြီး အိန္ဒိယပြည်ပရေးရာဝန်ကြီး စုရှ်မာဆွာရတ်နှင့် ယနေ့တွေ့ဆုံရန်စီစဉ်ထားကြောင်း တရားဝင်သတင်းအရင်းအမြစ်က ဆိုသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး၏ ယခုသွားရောက်သည့် အိန္ဒိယနိုင်ငံ ခရီးစဉ်သည် ၂၀၁၉ ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်းနှင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်မှ ၉ ရက်ထိ သွားရောက်ခဲ့ပြီး အိန္ဒိယခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နိုင်ငံမှ ရေနံဝယ်ယူသည့်နိုင်ငံများကို ဒဏ်ခတ်အရေးယူမှု ကင်းလွတ်ခွင့်ပြုမည် မဟုတ်ကြောင်း ကြေညာခဲ့သည်။
အိန္ဒိယနိုင်ငံသည် အီရန်နိုင်ငံမှ ရေနံတင်သွင်းမှု မပြုလုပ်နိုင်ကြောင်း အီရန်နိုင်ငံမှ ရေနံတင်သွင်းပါက နိုင်ငံပိုင် သို့မဟုတ် ပုဂ္ဂလိက အဖွဲ့အစည်းများသည် အမေရိကန်နိုင်ငံ၏ဒဏ်ခတ်အရေးယူမှုများ ရင်ဆိုင်ရမည်ဖြစ်သည်။
အိန္ဒိယနိုင်ငံသည် အီရန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ရေနံဝယ်လက်ဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ စုစုပေါင်းလိုအပ်ချက်များ၏ ၁၀ ရာခိုင်နှုန်းခန့်မှာ အီရန်ရေနံများဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို