မတ် ၂၈

 

အီရန်နိုင်ငံတောင်ပိုင်း ဘန်ဒါအာဘတ်ဆိပ်ကမ်းမြို့ရှိ အဆောက်အဦတစ်လုံးတွင်  ဓာတ်ငွေ့ဆလင်ဒါအိုးတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက်  သုံးဦးထက်မနည်းသေဆုံးခဲ့ပြီး အခြားလေးဦးဒဏ်ရာရရှိခဲ့သည်ဟု အီရန်နိုင်ငံ၏ အိုင်အာအင်န်အေသတင်းအေဂျင်စီ၏တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါဆလင်ဒါအိုးပေါက်ကွဲမှုသည် ယနေ့အစောပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးသတ်သမားများနှင့်ကယ်ဆယ်ရေး အဖွဲ့များအား ယင်းပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့စေလွှတ်ခဲ့ကြောင်း ဘန်ဒါအာဘတ်မီးသတ်နှင့် ဘေးကင်းလုံခြုံရေး ဝန်ဆောင်မှုဌာနအကြီးအကဲ မိုဟာမက်အာမင်လီရာကတ်၏ ပြောကြားချက်ကို အိုင်အာအင်န်အေက ကိုးကား ဖော်ပြထားသည်။

 

ဓာတ်ငွေ့အိုးပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် ယင်းအဆောက်အဦတစ်ခုလုံးပျက်စီးသွားပြီး အနီးအနားရှိနေအိမ်များလည်း ပျက်စီးခဲ့သည်ဟု သိရသည်။

 

ထိုအပျက်အစီးများကိုဖယ်ရှားရန် အချိန်နှစ်နာရီကျော်ကြာ လုပ်ဆောင်ခဲ့ရကြောင်း ထပ်လောင်းဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို