ဇူလိုင် ၂၁

အီရန်နိုင်ငံအရှေ့တောင်ပိုင်း စီစတန်နှင့်ဘာလူချီစတန်ပြည်နယ်တွင် သဲမုန်တိုင်းများတိုက်မှုကြောင့် ကျန်းမာရေး ပြဿနာများဖြစ်ပေါ်လာသည့် လူပေါင်း ၇၀၀ ကျော်အား ဆေးရုံအသီးသီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း တာ့စ်နင်းမ် သတင်းအေဂျင်စီက ယမန်နေ့က ဖော်ပြထားသည်။

အဆိုပါပြည်နယ်တွင် ဇွန်လ ၂၂ ရက်နောက်ပိုင်း သဲမုန်တိုင်းများတိုက်ခတ်မှုကြောင့် အသက်ရှုမှု၊ နှလုံး သို့မဟုတ် မျက်စိတို့နှင့်ပတ်သက်ပြီး ဆေးကုသမှုခံယူသူ ၇၀၉ ဦး ရှိကြောင်း ထိုပြည်နယ်၏ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့ အကြီးအကဲ၏ပြောကြားချက်ကို ကိုးကားပြီး တာ့စ်နင်းမ်သတင်းအေဂျင်စီက ဖော်ပြထားသည်။

ဇာဘိုလ်၊ ဇီဟတ်ခ်၊ ဟာမို၊ ဟာမန်နှင့် နင်မ်ရို့အပါအဝင် သဲမုန်တိုင်းအများဆုံးတိုက်ခတ်ခံရသော စီရင်စုများဖြစ်ပြီး  ၄၄ ဦး ဆေးရုံတက် ကုသမှုခံယူရသည်။

ထိုပြည်နယ်တွင် လွန်ခဲ့သောနှစ်ရက်အတွင်း လေပြင်းတိုက်ခတ်နှုန်းသည် တစ်နာရီလျှင် ကီလိုမီတာ ၈၅ မှ ၁၀၄ ရှိကြောင်း ပြည်နယ်မိုးလေဝသဌာန အကြီးအကဲက ပြောကြားသည်။

လာမည့်ရက်အနည်းငယ်အတွင်း လေပြင်းတိုက်ခတ်မှုများဆက်လက်ဖြစ်ပွားမည်ဟု ယူဆကြောင်း ၎င်းကပြောသည်။

ထိုပြည်နယ်တွင် မေလနှောင်းပိုင်းမှ စက်တင်ဘာလနှောင်းပိုင်းအထိ လေပြင်းတိုက်ခတ်မှုများနှင့်ကြုံတွေ့ရလေ့ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို