ဒီဇင်ဘာ ၃၀
အီရန်နိုင်ငံတစ်ဝန်းတွင် ရေကြီးရေလျှံမှုနှင့် နှင်းမုန်တိုင်းကြောင့် လွန်ခဲ့သောနှစ်ရက်အတွင်း လူလေးဦး ထက်မနည်းသေဆုံးပြီး ကိုးဦး ပျောက်ဆုံးလျက်ရှိကြောင်း အီရန်လခြမ်းနီအသင်း အိုင်အာစီအက်စ် (IRCS) က ယမန်နေ့ကပြောကြားခဲ့သည်။
အဆိုပါသေဆုံးသူများသည် အနောက်အဇာဘိုင်ဂျန်ပြည်နယ် အနောက်မြောက်ပိုင်းနှင့် အနောက်တောင်ပိုင်း Kohgiluyeh နှင့် Boyer-Ahmad ပြည်နယ်များမှ ဖြစ်ကြောင်း ၎င်း၏ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသော ကြေညာချက်တွင် အိုင်အာစီအက်စ်က ပြောကြားခဲ့သည်။
ပျောက်ဆုံးနေသူများအနက် ရှစ်ဦးသည် အနောက်တောင်ပိုင်း Khuzestan ပြည်နယ်မှဖြစ်ပြီး တစ်ဦးသည် Kohgiluyeh နှင့် Boyer-Ahmad ပြည်နယ်မှဖြစ်ကြောင်းနှင့် ကယ်ဆယ်ရေးသမားများ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
အီရန်ပြည်နယ် ၂၀ ကျော်တွင် ဒီဇင်ဘာ ၂၈ ရက်ကစတင်ကာမိုးသည်းထန်စွာရွာသွန်းမှုနှင့် နှင်းများကျဆင်းမှုကြောင့် ရေကြီးရေလျှံမှုနှင့် မြို့တွင်းလမ်းများ ပိတ်ဆို့ခြင်းများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


