နေပြည်တော် ၇ ဇန်နဝါရီ
၁။ ၄-၁-၂၀၂၁ ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံ၊ ဘူဆန်မြို့အခြေစိုက် DM Shipping Co., Ltd သင်္ဘောကုမ္ပဏီပိုင် Hankuk Chemi ရေနံတင် သင်္ဘောအား ရေကြောင်းသဘာဝပတ်ဝန်းကျင် ထိခိုက်စေသည့် ရေနံဓာတုထုတ်ကုန်များ သယ်ဆောင်လာမှုဖြင့် အီရန်လက်နက်ကိုင်တော်လှန်ရေး အစောင့်တပ်များမှ အီရန်ဟော်မုဇ်ရေလက်ကြားတွင် ဖမ်းဆီးခဲ့ရာတွင် အင်ဒိုနီးရှား၊ မြန်မာ၊ ဗီယက်နမ်နှင့် ကိုရီးယားသမ္မတနိုင်ငံမှ သင်္ဘောသားများကို တစ်ပါတည်း ထိန်းသိမ်းထားရသည့် ဖြစ်စဉ်အား သိရှိရပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါဖြစ်စဉ်ဖြစ်ပွားမှု အခြေအနေနှင့် ထိန်းသိမ်းခံ မြန်မာသင်္ဘောသားများ၏ အခြေအနေတို့အား မြန်မာသံရုံး၊ ဆိုးလ်မြို့မှတစ်ဆင့် စုံစမ်းစိစစ်ခဲ့ပါသည်။
၂။ ထိုသို့စုံစမ်းစိစစ်ခဲ့မှုအရ ယင်းရေနံတင်သင်္ဘောရှိ ဖမ်းဆီးထိန်းသိမ်းခံထားရသူများတွင် မြန်မာသင်္ဘောသား(၁၁)ဦး ပါဝင်သည်ကို သိရှိရသဖြင့် ဗန်ကောက်မြို့နှင့် နယူးဒေလီမြို့ရှိ မြန်မာသံရုံးများအနေဖြင့် ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံအခြေစိုက် အီရန်သံရုံးသို့ ဆက်သွယ်၍ အဆိုပါမြန်မာသင်္ဘောသားများ ဖမ်းဆီးခံရမှုဖြစ်စဉ်နှင့်စပ်လျဉ်းသည့်အမှုအခြေအနေအား စုံစမ်း ပေးရန်နှင့် ၎င်းတို့ အမြန်ဆုံး ပြန်လည်လွတ်မြောက်နိုင်ရေးအတွက် လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးရေး သက်ဆိုင်ရာများသို့ တိုက်တွန်းပေးရန် ညွှန်ကြားခဲ့ပြီး၊ သံတမန်နည်းလမ်း မှတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။
၃။ ထို့ပြင် အဆိုပါ ရေနံတင်သင်္ဘောဖမ်းဆီးခံရမှုဖြစ်စဉ်တွင် ထိန်းသိမ်းခံထားရသော မြန်မာ သင်္ဘောသားများနှင့်စပ်လျဉ်း၍ လိုအပ်သည့် ကာကွယ်စောင့်ရှောက်မှုများ ပေးအပ်နိုင်ရေးအတွက် ရန်ကုန်မြို့အခြေစိုက် ကိုရီးယားသမ္မတနိုင်ငံသံရုံးသို့ ဆက်သွယ်ခဲ့ပြီး၊ သံတမန်နည်းလမ်းမှတစ်ဆင့် လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှုများ အပြန်အလှန် ပေးအပ်သွားရန် ညှိနှိုင်းမေတ္တာရပ်ခံထားပါ သည်။ ထို့ပြင် မြန်မာသံရုံး၊ ဆိုးလ်မြို့မှတစ်ဆင့် ကိုရီးယားသမ္မတနိုင်ငံဘက်သို့ စုံစမ်းစိစစ်ခဲ့မှုအရ ကိုရီးယားသမ္မတနိုင်ငံအစိုးရအနေဖြင့် မြန်မာသင်္ဘောသားများ အပါအဝင် ထိန်းသိမ်းခံ သင်္ဘောသား(၂၀)ဦး အမြန်ဆုံး ပြန်လည်လွတ်မြောက်နိုင်ရေး သံတမန်နည်းလမ်းမှတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၎င်းတို့အားလုံးသည် ကျန်းမာရေးကောင်းမွန်ပြီး ဘေးကင်းလုံခြုံလျက်ရှိကြောင်း သိရှိရပါသည်။
၄။ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ အကျိုးကာကွယ် စောင့်ရှောက်ရေးကို အလေးပေးဆောင်ရွက်လျက်ရှိသည့်အလျောက် ထိန်းသိမ်းခံ မြန်မာ သင်္ဘောသား(၁၁)ဦးအတွက် လိုအပ်သည့်အကူအညီများ ပေးအပ်နိုင်ရေးနှင့် ပြန်လည် လွှတ်မြောက်ရေးအတွက် ဗန်ကောက်မြို့နှင့် နယူးဒေလီမြို့ရှိ သက်ဆိုင်ရာ မြန်မာသံရုံးများမှ တစ်ဆင့် အီရန်သံရုံးများသို့လည်းကောင်း၊ မြန်မာနိုင်ငံအခြေစိုက် သက်ဆိုင်ရာ နိုင်ငံခြားသံရုံး များမှတစ်ဆင့်လည်ကောင်း ဆက်သွယ်ညှိနှိုင်းလျက် ထိရောက်စွာ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
Crd > Ministry of Foreign Affairs Myanmar


